Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ရောင်းချပေးခဲ့

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ ပြည်တွင်းတွင် စားသုံးမှုနည်းပါးနေသည့် ဆန်ကွဲ၊ ပေါင်းဆန်နှင့် တန်းမြင့်ဆန်များကဲ့သို့ ဆန်နှင့်ဆန်ကွဲများကိုသာ လစဉ်တင်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လကုန်ထိ တစ်နှစ်တာကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆ သန်းကျော်သာတင်ပို့ရောင်းချပေးခဲ့ရကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရောင်းချပေးခဲ့ရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အများဆုံးတင်ပို့ရောင်းချပေးခဲ့ရပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ဒုတိယအများဆုံးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တတိယအများဆုံး တင်ပို့ရောင်းချပေးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၃၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၂၁၁၆ တန်ဖြင့် အများဆုံး၊ ၂၀၂၄ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၃၃ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၅၇၀၃၇ တန်ဖြင့် ဒုတိယအများဆုံးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၃၆၀၅ တန်ဖြင့် တတိယအများဆုံး တင်ပို့ရောင်းချပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News