International News

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လာအိုသံအမတ်ကြီးတို့ ဆွေးနွေးခဲ့

Last Updated:

ထိုင်းနှင့်လာအိုနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေးအတွက် နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်မှုကို အရှိန်မြှင့်တင်သွားရန် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai နှင့် လာအိုသံအမတ်ကြီး Mr. Seng Soukhathivong တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ရှည်ကြာသောမိတ်ဖက်ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုအများဆုံးသည် တရုတ်ကဲ့သို့သော အခြားနိုင်ငံများသို့ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ပေါက်ဖြစ်သည့် စစ်ဆေးရေးဂိတ်များမှတစ်ဆင့် နယ်စပ်ကုန်သွယ်မှုမှဖြစ်ကြောင်း၊ ယခုနှစ်သည် ထိုင်း-လာအိုချစ်ကြည်ရေးတံတား (နောင်ခိုင်-ဗီယန်ကျင်း) ဖွင့်လှစ်ခဲ့ခြင်း၏ နှစ် ၃၀ ပြည့်မြောက်သည့်နှစ်ဖြစ်ပါကြောင်း ဝန်ကြီးကတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများနှင့်နယ်စပ်ကုန် သွယ်ရေး မြှင့်တင်ရန် လာအိုနှင့်ဆွေးနွေးလျက်ရှိပါကြောင်း၊ ထိုင်းထုတ်ကုန်များ လာအိုနိုင်ငံသို့ လွယ်လွယ်ကူကူသယ်ယူပို့ဆောင်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ပြင်းထန် လာသည့် ကာလမှစ၍ ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်ပေါက် ၄ ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရေး လာအိုနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် သံအမတ်ကြီးကို တောင်းဆိုပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ်ပြည်နယ်များအကြား စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကို မြှင့်တင်ပေးရန် ထိုင်းအနေဖြင့်အဆင်သင့်ဖြစ်နေပါကြောင်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ပြည်နယ်နှစ်ခုအကြား နယ်စပ်စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံ ဖယောင်း (Phayao) နှင့် လာအို Sainyabuli ပြည်နယ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အဆိုပြုလိုပါကြောင်း၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့ရာတွင် နည်း ပညာအကူအညီ ပေးအပ်ခြင်း အပါအဝင် ကုန်စည်ပြပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့၌ လာအိုနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

လာအိုသည် ထိုင်းနိုင်ငံ၏ အဆင့် ၇ ရှိသော ကုန်သွယ်ရေးမိတ်ဖက်ကြီးတစ်ခုဖြစ်ပြီး အာဆီယံ တွင် နယ်စပ်ကုန်သွယ်ရေး၌ အဆင့် ၃ ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် ဘတ် ၂၆၄ ဘီလီယံရှိခဲ့ပြီး ထိုင်း-လာအို နယ်စပ် ကုန်သွယ်ရေးသည် ဘတ် ၂၆၁ ဘီလီယံဖြင့် ကုန်သွယ် မှုအားလုံး၏ ၉၈.၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းနိုင်ငံသည် ကုန်သွယ်မှု ပိုငွေ ဘတ် ၅၆.၅ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ လာအိုနိုင်ငံသို့ သန့်စင်ပြီးဆီ၊ ကြံ၊ မော် တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုကုန်ပစ္စည်းများနှင့် အလှကုန်များ တင်ပို့ခြင်းဖြစ်ပြီး လာအို နိုင်ငံမှ လျှပ်စစ်၊ အသီးနှင့်ဟင်းသီးဟင်းရွက်များ၊ ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများနှင့် ဘိလပ်မြေတို့ကို ထိုင်းနိုင်ငံသို့ တင်သွင်းကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့အကြား ကိုဗစ်-၁၉ ပြင်းထန်ကာလတွင် ပိတ်သိမ်းထားခဲ့သည့် နယ် စပ်စစ်ဆေး‌ရေး ဂိတ် ၄ ခုကို ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံ ဆွေးနွေးလျက်ရှိပြီး အဆိုပါ ဂိတ်များ ဖွင့်လှစ်ခဲ့ပါက နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများအပါအဝင် တတိယနိုင်ငံ သို့ ဖြတ်ကျော်သည့်ကုန်သွယ်မှုများလည်းတိုးတက်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News