Local News

မြန်မာနိုင်ငံမှ ပြောင်းများ ကို အိန္ဒိယနိုင်ငံသို့ ဈေးကွက်အသစ်အဖြစ် ပထမဦးဆုံး တင်ပို့လျက်ရှိ

Last Updated:

ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြောင်းများကို အိန္ဒိယနိုင်ငံသို့ ဈေးကွက်အသစ်အဖြစ် ပထမဦးဆုံး တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဖြိုး ကိုကိုနိုင်က ပြောသည်။

"အများဆုံးက ရှမ်းပြည် ပြောင်းကိုတင်ပို့ပြီး ဧရာ၀တီ ပြောင်းထွက်ချိန်ဆိုရင် ဧရာ၀တီ ပြောင်းတွေကိုလည်း တင်ပို့ပါတယ်။  အခုဆိုရင် ဝယ်လက်အသစ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း ဝယ်ယူလာပါတယ်။ ၂ လအတွင်းမှာ သင်္ဘော ၁၀ စီးစာ တန်ချိန် တစ်သိန်းနီးပါးလောက် ဝယ်ယူထားပါတယ်။ အိန္ဒိယနိုင်ငံကပြောင်း တင်ပို့တဲ့နိုင်ငံပါ။ ဒီနှစ်ကျမှ ပြန် သွင်းတာဆိုတော့ ဈေးကွက်သစ်လို့ ပြောလို့ရပါတယ်။ တစ်လကိုတန်ချိန် တစ်သိန်းလောက် တင်ပို့နေပါတယ်။ လက်ရှိမှာ အများစုကတော့ တာချီလိတ်လမ်းကြောင်းကနေ ကားတွေနဲ့ တင်ပို့နေပါတယ်။  ရန်ကုန်ဆိပ်ကမ်းကနေ ရနောင်းဆိပ်ကမ်း ကို သင်္ဘောနဲ့ တင်ပို့ပါတယ်"ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံပြောင်းထွက်ရှိမှု၏  ၇၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လထိ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိသည်။ မြန်မာ-ထိုင်း ပြောင်းတင်ပို့မှုစတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တစ်လလျှင် ပြောင်းတန်ချိန် ၁ သိန်းခန့် တင်ပို့လျက်ရှိသည်။

မေလဆန်းပိုင်းက ထိုင်းနိုင်ငံသို့ မြ၀တီကုန်သွယ်ရေး စခန်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ပြည်တွင်းပြောင်း ဈေးပြန်လည် ကောင်းမွန်လာကာ မန္တလေးဈေးကွက်တွင် ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀ ကျော် ပေါက်ဈေးဖြစ်လာသည်။ လက်ရှိအချိန်တွင် ပြောင်းကို ကုန်သည်များထံတွင်သာ လက်ကျန်ရှိပြီး တောင်သူများမှာ မကြာမီ ပြောင်းပြန်လည်စိုက်ပျိုး တော့မည့်ရာသီဖြစ်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News