Local News

လက်ကျန်ဝါများ စျေးကွက်ရရှိရေးအတွက် ဝါများကို တင်ဒါစနစ်ဖြင့်ဝယ်ပေးမည်

Last Updated:

လက်ကျန် ဝါများစျေးကွက်ရရှိရေးအတွက်  A အဆင့်နှင့် C အဆင့်  ဝါများအား တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ထိုကဲ့သို့ ဝယ်ယူရာတွင် A အဆင့် ဝါပိဿာချိန် နှစ်ဆယ့်ကိုးသိန်းနှင့် C အဆင့် ဝါပိဿာချိန် တစ်သိန်းအား စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ စက်မှုလုပ်ငန်းလက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုရန်အတွက် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် လာမည့်မိုးဝါ စိုက်ပျိုးရေးအတွက် အထွက်တိုးစေရန် ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ 

“ဝါကြိတ်စက်တွေက လုံလောက်မှုရှိပါတယ်။ အဓိကက ဝါစျေးကွက်ပျောက်ချိန် အရံဝါ ဝယ်ပေးတာတွေ၊ ပြည်ပ ဝါစပ်မျိုး လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးသင့်တယ်။ ပြီးတော့ နယ်စပ်လမ်းကြောင်းများ ခက်ခဲနေချိန်မှာ ရေလမ်းကြောင်းကနေ တင်ပို့နိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးသင့်တယ်"ဟု ဝါလုပ်ငန်းရှင်များအဖွဲ့မှ တာ၀န်ရှိတစ်ဦးက ပြောသည်။ ထို့အပြင် သွင်းအားစုများအတွက် ဝါစိုက်တစ်ဧကလျှင် ချေးငွေကျပ်နှစ်သိန်းနှုန်းဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးသွားမည်ဟုလည်း သိရပါသည်။

၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက (၇) သိန်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဇုန်အလိုက် တာဝန်ခံများ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။လက်ရှိ ဝါတစ်ပိဿာလျှင် ၂၇၀၀ မှ ၂၈၀၀ ကျပ်ဖြင့် အကျစျေးမှာတင် ငြိမ်နေကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။ “အခုနှစ်နောက်ပိုင်း ဝါဈေးက ကျပြီးပြန်မတက်လာတော့တာပါ။ ဝါစိုက်တောင်သူများ အခက်တွေ့နေကြရပါတယ်၊ ဝါစျေးက ၃၀၀၀ အောက် ရောက်နေတယ်"ဟု ဝါစိုက်တောင်သူ တစ်ဦးကပြောသည်။ 

လက်ရှိဝါကို တရုတ်နိုင်ငံဘက်သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ဝယ်ယူမှုများ ရှိနေမည်ဆိုပါက စျေးကွက်ကောင်းလာနိုင်ကြောင်းကုန်သည်များထံမှ သိရသည်။ ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီးအစိုးရအနေဖြင့်လည်း ဝါကို အရေးကြီးကုန်အဖြစ် သတ်မှတ်ထားကြောင်း လည်းသိရသည်။ 

ပြည်တွင်း၌ ဝါသည် နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်းမှာ စတင်ထွက်ပေါ်ကာ ဇန်နဝါရီလမှ ဧပြီလလယ်အထိ ထွက်ပေါ်ကြောင်း သိရသည်။ အချို့တောင်သူများက‌တော့ ဝါကို မိုးနှမ်းနှင့် အတူ ၅ လပိုင်းကျော် ၆ လပိုင်းခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။ ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်တာတွေကို ပြီးခဲ့သည့် နှစ်ကတည်းက တားမြစ်ထားသည်။

Source: (AMIA) 

Source: https://t.me/htwettoe

Category: Local News