Local News

ဈေးကောင်းရနေတဲ့ ဧရာရေထွက်ပုစွန်ဈေးကွက်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ကမ်းခြေနှင့်နီးကပ်လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းကျေးရွာ၊ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ စံပြကျေးရွာ၊ သက္ကသောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြားကျေးရွာများ၊ ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်ပုစွန်များကိုဖမ်းဆီးလျက်ရှိပြီး ပုသိမ်ဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

ပုသိမ်ဈေးကွက်တွင် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ဂရမ်၂၅၀အထက် ပုစွန်ဈေးမှာ ၁ ပိဿာလျှင် ၈၅၀၀၀ ကျပ်၊ ဂရမ် ၂၀၀ အထက်ဈေးမှာ ၁ပိဿာလျှင် ၆၅၀၀၀ ကျပ်ဈေးနှုန်းနှင့် ဂရမ် ၅၀ မှ ဂရမ် ၁၀၀ အတွင်း (၅၀၀၀၀/၆၀၀၀၀) ကျပ်ဈေးနှုန်းခန့်၊ ပုစွန်အရွယ်အစားအလိုက် (၂၀၀၀၀/၄၀၀၀၀) ကျပ်အတွင်းရှိ ပုစွန်များကိုလည်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရသည်။

ပုသိမ်ဈေးကွက်မှ ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချမှုမရှိဘဲ ရန်ကုန်မြို့ရှိ စံပြဈေးနှင့် ရွှေပိတောက်ပါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့တင်ပို့ရောင်းချသည့် ကုမ္ပဏီများ၊ အဝယ်တော်များက အဆိုပါဈေးများတွင်  ဂရမ်၂၀၀ အထက်နှင့် ဂရမ်၂၅၀ အထက်ပုစွန်များကို လာရောက်ဝယ်ယူလျက်ရှိကြပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ယိုးဒယား၊ စင်္ကာပူ၊ အာရှနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပုသိမ်ဈေးကွက်မှ ရေထွက်ပစ္စည်းများရောင်းချရာတွင် ရန်ကုန်မြို့ရှိ အဝယ်ဒိုင်များက ဖွင့်လှစ်သောဈေးနှုန်းဖြင့်သာရောင်းချရပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ပို့သော ကုမ္ပဏီများအနေဖြင့်လည်း အရည်အသွေး၊ ဝယ်လိုအား၊ ဈေးကွက်ပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရကြောင်း ပုသိမ်မြို့ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News