Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကွမ်းသီးအနု ပိဿာချိန် ၈၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဇွန်လအတွင်းကွမ်းသီးအနု ပိဿာချိန် ၈၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးအပါအဝင် လယ်ယာထွက်ကုန်နှင့် ခြံထွက်သီးနှံများကို တင်ပို့ရောင်းချလျက်ရှိပြီး မေလအတွင်းက ကွမ်းသီးအနု ပိဿာချိန် ၆၇၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကွမ်းသီးအနု ပိဿာချိန် ၈၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဘက်ကိုတင်ပို့ကုန်အများအပြား တင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့နေရတဲ့ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့လိုအပ်ပါတယ်။ သန့်ရှင်းဖို့လဲလိုပါတယ်။ လက်ရှိ ကွမ်းသီးအနု ၁၀ ပိဿာကို ငွေကျပ် ၉၅၀၀၀ ထိဈေးပေါက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရောင်းချပါတယ်။ လက်ရှိ ကွမ်းသီးတွေ အ‌ရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူတွေ လုပ်ငန်းအဆင်ပြေစွာ လုပ်ကိုင်နေရပါတယ်”ဟု ဖျာပုံမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်သူဇာက ပြောပြသည်။

ဖျာပုံမြို့နယ်က ထွက်ရှိသည့်ကွမ်းသီးအနုများကို ကုန်သည်များမှကွမ်းသီးခြံများ အရောက်သွားရောက်ဝယ်ယူကာ စနစ်ကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်က ကွမ်းသီးအစိမ်း၊ အမှည့်ဈေးကွက် နှစ်မျိုးသာရှိပြီး ယခုအခါ ကွမ်းသီးအနုသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အဆိုပါ ကွမ်းသီးအနုများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေခြင်းသည် ကွမ်းသီးအနုများကို ပြည်ပဈေးကွက်မှ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း ဖျာပုံမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News