International News

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း The Hindustan Times သတင်းဌာနက ယခုလ ၄ ရက်က ဖော်ပြသည်။ယခုနှစ် ဧပြီလမှစ၍ ပူပြင်းခြောက်သွေ့သောနွေဥတုအခြေအနေကြောင့် ပြည်သူအများစုစားသုံးသော ဟင်းသီးဟင်းရွက်များ၏ ရောင်းလိုအားကျဆင်းမှုနှင့်အတူ အဆိုပါသီးနှံသုံးမျိုးအပေါ် ဝယ်လိုအားမြင့်တက်မှုယှဉ်တွဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကြက်သွန်နီလက်ကားဈေးနှုန်းမှာ လွန်ခဲ့သောနှစ်ကဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ၁၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့်ယခင်နှစ်က ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁၂၆၀ ဒသမ ၆၆ မှ ယခုနှစ်တွင် ရူပီး ၂၆၀၃ ဒသမ ၅၅ သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အာလူးဈေးနှုန်းမှာ ယခင်နှစ်က ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁၀၇၆ ဒသမ ၁၄ မှ ၂၁၁၆ သို့ ၉၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်လက ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၁၅၈၅ ဒသမ ၈၄ မှ ၃၃၆၈ ဒသမ ၂၈ သို့ ၁၁၂ ဒသမ ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ယင်းကဲ့သို့သီးနှံဈေးနှုန်းများမြင့်တက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ယမန်နှစ်က မိုးရွာသွန်းမှုပုံမှန်မရှိခဲ့သည့်အတွက် သီးနှံအထွက်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးကြက်သွန်နီထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် ယမန်နှစ်က ကြက်သွန်နီ ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ပိတ်ပင်ပြီး၊ ယခုနှစ် မေလ တွင် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းဖြင့် ပြန်လည်တင်ပို့ခွင့်ပြုခဲ့သည်။ ကြက်သွန်နီလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၄၂ ဒသမ ၂၁ ရှိပြီး၊ လွန်ခဲ့သောနှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် အာလူးလက်လီဈေးနှုန်းမှာ လွန်ခဲ့သောနှစ်က ၁ ကီလိုဂရမ်လျှင် ရူပီး ၂၁ ဒသမ ၉၁ မှ ယခုနှစ်တွင် ရူပီး ၃၄ ဒသမ ၄ သို့ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

အပူလှိုင်းဝင်ရောက်မှုကြောင့် လတ်ဆတ်သောဟင်းသီးဟင်းရွက်များကို သိသိသာသာပုပ်သိုးစေသည့်အတွက် အဆိုပါအခြေအနေကို ပိုမိုဆိုးရွားလာစေသည်။ ယခုနှစ်တွင် နွေရာသီသီးနှံစိုက်ပျိုးမှုတိုးတက်ကာ စားသောက်ကုန်ဈေးနှုန်းဖေါင်းပွမှုသက်သာစေပြီး၊ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာလိမ့်မည်ဟု တာဝန်ရှိသူများက ယူဆထားကြောင်း သိရသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုနှင့် လတ်တလောအပူချိန်မြင့်တက်မှုအခြေအနေများအရ အိန္ဒိယနိုင်ငံ၏စားနပ်ရိက္ခာရောင်းလိုအားကွင်းဆက်တွင် ထိခိုက်မှုများဖြစ်ပေါ်လျက်သည်ကို တွေ့ရကြောင်း အဆိုပါသတင်းဌာနက ဖော်ပြ ထားသည်။

ရည်ညွှန်း။ hindustantimes.com, Sharp rise in onion, potato, tomato prices, Jul 04, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News