Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကွမ်းသီးအနုပိဿာချိန် ၁၂၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကွမ်းသီးအနု ပိဿာချိန် ၁၂၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်စန်းက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ကွမ်းသီးအနု ပိဿာချိန် ၈၉၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးအနု ပိဿာချန် ၁၂၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ တင်ပို့အားကောင်းလာခြင်းသည် ပြည်တွင်းဈေးကွက်မှ ကွမ်းသီးအနုများ ဝယ်ယူမှုအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ထဲကနေ ရန်ကုန်ဈေးကွက်ကို ဇူလိုင်လထဲမှာ ကွမ်းသီးအနုပိဿာချိန် ၁၂၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ ကွမ်းသီးအနုတွေ အမှာကုန်များလာလို့ ရန်ကုန်ဘက်ကို တင်ပို့ကုန်အများအပြား တင်ပို့ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ ကွမ်းသီးအနုတစ်ပိဿာကို ငွေကျပ် ၁၀၅၀၀ ထိ ဈေးရရှိနေပါတယ်။ လက်ရှိကွမ်းသီးတွေ အရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ လုပ်ငန်းအဆင်ပြေနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်စန်းက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများအရောက် သွားရောက်ဝယ်ယူကာ စနစ်တကျ ရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်က ကွမ်းသီးအစိမ်း၊ အမှည့်ဈေးကွက်နှစ်မျိုးသာရှိပြီး ယခုအခါ ရင့်မှည့်ချိန်ထိ စောင့်ရောင်းရန်မလိုဘဲ ကွမ်းသီးအနုများကို အ‌ရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News