မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ စပါးနှင့် ပဲမျိုးစုံ သီးနှံများကို စိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို စိုက်ဧက ၂၀၀ ခန့် စိုက်ပျိုးမှုရှိကြောင်း သိရသည်။ ငရုတ်သီးကို မေလတွင် ပျိုးထောင်၍ ဇွန်လတွင် မြေချစိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သာမို-၉၀၀၊ သာမို-၆၂၉ နှင့် သာမို-၉၉၉ တို့ကို စိုက်ပျိုးပြီး သာမို-၉၀၀ နှင့် သာမို-၆၂၉ ငရုတ်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျပြီး ပိဿာ ၈၀၀-၁၀၀၀ ခန့် ထွက်ရှိ ကြောင်း၊ သီးနှံပေါ်စအချိန်တွင် လက်ကားဈေးအနေဖြင့် သာမို-၉၀၀ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀-၄၂၀၀၊ သာမို-၆၂၉ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀-၄၅၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၅-၁၇ သိန်းခန့် အမြတ်ရရှိ ကြောင်း သိရသည်။ အောက်တိုဘာလ ပထမပတ်တွင် လက်ကားဈေးအနေဖြင့် သာမို-၉၀၀ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀-၄၈၀၀၊ သာမို-၆၂၉ တစ်ပိဿာလျှင် ငွေကျပ် ၄၆၀၀-၅၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့၊ မင်းဘူးမြို့နှင့် စကုမြို့များရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးနှံများ အသင့်အတင့်သာ ထွက်ရှိသော်လည်း ဈေးကောင်းရရှိသော ကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ