Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် ဇွန်လအတွင်း မျှင်ငါးပိပိဿာချိန် ၆၄၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်က ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် မျှင်ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၂၅၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ဖျာပုံဒေသထွက် မျှင်ငါးပိတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ဘက်က ပြီးခဲ့တဲ့ တစ်လအတွင်းနဲ့ အခုလက်ရှိ ဩဂုတ်လထဲမှာပါ မျှင်ငါးပိတွေဝယ်ယူမှုများနေပါတယ်။ အခုလိုမျှင်ငါးပိတွေ အရောင်းအဝယ်ကောင်းလာတော့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ အဆင်ပြေလာပါတယ်” ဟု ဖျာပုံမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြသည်။

ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသခံရေလုပ်သားများက ပင်လယ်ပြင်ကရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း ဖျာပုံမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ဆွေဦးထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News