Local News

ရှမ်းပြည်နယ်ထွက် လိမ္မော်သီးများ အခြားဒေသများသို့တင်ပို့ရန် ခက်ခဲနေ

Last Updated:

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့် လိမ္မော်သီးများကို အခြားဒေသများသို့တင်ပို့ရန် ခက်ခဲနေကြောင်း လိမ္မော်ခြံစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ယခုအချိန်သည် လိမ္မော်သီးပေါ်ထွက်စအချိန်ဖြစ်သည့်အတွက် အခြားမြို့နယ်များသို့တင်ပို့ရောင်းချမှသာ ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊သို့သော်လမ်းခရီး၌ အစစ်အဆေးများပြားသည့်အပြင် သယ်ဆောင်ရန် မော်တော်ယာဉ်အခက်အခဲများပါ ရှိနေသောကြောင့် နယ်ဝေးပို့ရန် အဆင်မပြေမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

" အခက်အခဲတွေရှိတယ်။ အသီးကစပေါ်နေပြီ။ သူကတခြားနယ်မြို့တွေကိုတင်ပို့ရောင်းချမှ အမြတ်ရတယ်။ ဈေးကောင်းရတယ်။ တောင်သူတွေအတွက်အဆင်ပြေတာပေါ့။ အခုကျတော့ ကုန်ကားသမားတွေလည်း မထွက်ကြဘူး။ တိုက်ပွဲတွေကြောင့်။ အခက်အခဲတွေရှိတယ်"ဟု လိမ္မော်ခြံစိုက်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာစသည်တို့တွင် လိမ္မော်ပင်များ စိုက်ပျိုးကြကြောင်း သိရသည်။ လိမ္မော်ကို ဖေဖော်ဝါရီလနှင့် မတ်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် ပင်မစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြကာ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ထွက်ရှိကြောင်း သိရသည်။ လက်ရှိဈေးကွက်တွင် လိမ္မော်သီး(အကြီး) တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် လိမ္မော်သီး(အသေး) တစ်ပိဿာ ၃၅၀၀ ကျပ်ဈေးဖြင့် ပွဲစားမျာက ခြံအထိလာရောက်ဝယ်ယူကြကြောင်း သိရသည်။ လိမ္မော်သီးကို ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စသည့် မြို့များသို့ အများဆုံး တင်ပို့ကြကြောင်း သိရှိရသည်။

Source: Popular News Journal

 

Category: Local News