Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတွင် ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတွင် ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိထွေးက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ငါးမြွေထိုးအစိမ်းများကိုဝယ်ယူပြီး စနစ်တကျအခြောက်လှန်းတင်ပို့ရောင်းချနေကြောင်း၊ ပြီးခဲ့သည့် မတ်လတွင် ငါးမြွေထိုးခြောက် ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“မအူပင်မြို့နယ်ကနေ ငါးမြွေထိုးခြောက်တွေကို လစဉ်ရန်ကုန်သို့တင်ပို့ရောင်းချနေပါတယ်။ ဧပြီလပထမပတ်က ရန်ကုန်ဈေးကွက်ကို ငါးမြွေထိုးခြောက်တွေ တင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ဧပြီလအတွင်း ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ငါးမြွေထိုးခြောက်တွေ မှာယူမှုကောင်းနေပါတယ်။ ငါးမြွေထိုးခြောက်လုပ်ငန်းက ဒေသအတွက် အလုပ်အကိုင်ဖန်တီးပေးတဲ့လုပ်ငန်းပါ။ အခုလို ငါးခြောက်တွေအဝယ်လိုက်လာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်းနဲ့ ဆက်စပ်သူတွေအကုန်အဆင်ပြေလာပါတယ်” ဟု မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အိအိထွေးက ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက် ငါးမြွေထိုးခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၁၉၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ဒေသမှငါးခြောက်များ တင်ပို့ရောင်းချနေရခြင်းကြောင့် ငါးခြောက်လုပ်ငန်းရှင်များ ရေလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News