မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် မင်းကွတ်သီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
မင်းကွတ်သီးပင်များသည် မြေပြန့်နှင့် မြေသြဇာထက်သန်သော သဲနုန်းမြေပွ၊ ပူအိုက်စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်၍ အပင်များကို အစေ့မှ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ် ၃ ပေ၊ အနက် ၃ ပေ အတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင် များ စိုက်ပျိုးပြီး (၁၀)နှစ် မှ (၁၂)နှစ် အရွယ်ရောက်ချိန်မှသာ အသီးစတင်ထွက်ရှိ၍ ခူးဆွတ်ရောင်းချနိုင်ပြီး အပင်တစ်ပင်လျှင် သက်တမ်း ၄၀ မှ ၅၀ နှစ် အထိ ရှင်သန် နိုင်ကာ ပိုးမွှားကင်းစင်သည့် အပင်တစ်မျိုးဖြစ်ကြောင်း၊ မင်းကွတ်သီးများ ယခုစတင်ထွက်ရှိချိန် တစ်လုံးလျှင်ငွေကျပ် ၃၀၀မှ ၈၀၀ကျပ်အထိ မြို့ပေါ်စျေးများနှင့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများအပြင် အခြားမြို့နယ်များကိုလည်း တင်ပို့ရောင်းချရကြောင်း မုဒုံမြို့နေ ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်တွင် ဒေသထွက် သစ်သီးဝလံ မျိုးကောင်းမျိုးသန့်များကို ပြည်တွင်းပြည်ပတင်ပို့နိုင်ရန် သုတေတနပြုစိုက်ခင်းများ ပျိုးထောင်ထားရှိခြင်း၊ သစ်သီးဝလံ သုတေတနစိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းပြီး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source: https://www.doca.gov.mm