International News

ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ထိုင်းနိုင်ငံဆက်လက်ရပ်တည်

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမ(၅)လတာကာလတွင် ထိုင်းနိုင်ငံသည် ဘတ် ၉၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ) တန်ဖိုးရှိသည့် ဆန်တန်ချိန် ၄.၀၆ သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း(TREA) ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့ပါသည်။ သို့သော် မေလတွင် ဆန်ဖြူနှင့်ပေါင်းဆန်မှာယူမှုလျော့ကျခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၆၅၉၅၆၆ တန်ဖြင့် ၂၉.၃ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ အဓိကဆန်ဖြူတင်ပို့သည့် ဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်၊ အန်ဂိုလာ၊ မလေးရှား၊ ကင်မရွန်းနှင့် မိုဇမ်ဘစ်တို့ဖြစ်ပြီး ပေါင်းဆန်အတွက် အဓိကဈေးကွက်များမှာ တောင်အာဖရိကနှင့် ဘီနင်တို့ဖြစ်ကြောင်းသိရပါသည်။ Thai Hom Mali ဆန်မွှေးအတွက် အဓိကဈေးကွက်များမှာ အမေရိကန်၊ ဟောင်ကောင်၊ ကနေဒါ၊ စင်္ကာပူ၊ တရုတ်နှင့် ဩစတြေးလျတို့ဖြစ်ကြောင်းသိရပါသည်။ Charoen က ထိုင်းဆန်ဈေးနှုန်းများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့မှထုတ်လုပ်သည့် ဆန်ဈေးနှုန်းများထက် အများအပြားမြင့်မားနေပြီး ထိုသို့ ဈေးနှုန်းကွာဟမှုကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှုတိုးမြင့်လာကြောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမ(၅)လတွင် ဆန်တန်ချိန် ၇.၂၀ သန်းဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ်ရပ်တည်နေပြီး ထိုင်းနိုင်ငံက တန်ချိန်  ၄.၀၆ သန်း၊ ဗီယက်နမ်နိုင်ငံက တန်ချိန် ၄.၀၃ သန်း၊ ပါကစ္စတန်က တန်ချိန် ၃.၀၂ သန်းနှင့် အမေရိကန်က တန်ချိန် ၁.၅ သန်း အသီးသီးတင်ပို့ခဲ့ကြကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ(၅)လတွင် ထိုင်းဆန်တင်သွင်းသည့် ထိပ်ဆုံး(၅)နိုင်ငံမှာ အင်ဒိုနီးရှားက တန်ချိန် ၉၁၄၇၆၀၊ အီရတ်က တန်ချိန် ၃၆၃၄၃၈၊ အမေရိကန်က တန်ချိန် ၃၄၄၈၇၃၊ ဖိလစ်ပိုင်က တန်ချိန် ၂၈၀၅၂၂ နှင့် တောင်အာဖရိကက တန်ချိန် ၂၂၉၃၆၉ တို့ဖြစ်ကြောင်းသိရပါသည်။

Source: Vietnam plus

Source: https://www.doca.gov.mm

Category: International News