Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပုစွန်အစုံပိဿချိန် ၈၀၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပုစွန်အစုံ ပိဿချိန် ၈၀၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဖြိုးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ ဇူလိုင်လအတွင်းက ပုစွန်အစုံပိဿချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း ပုစွန်အစုံပိဿချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းများသည် ဒေသထွက် ပုစွန်များကို ဝယ်ယူကာ စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိ ရသည်။

“ရန်ကုန်ဈေးကွက်က လပွတ္တာမြို့နယ်ကနေ ရေထွက်ကုန်တွေ တင်ပို့ရောင်းချတဲ့ဈေးကွက်ဖြစ်ပါသည်။ ဩဂုတ်လအတွင်း ပုစွန်အစုံပိဿချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့တာဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်က ပုစွန်တွေ ဝယ်လိုအား ကောင်းတာကြောင့် တင်ပို့ရောင်းချအားကလဲ တက်ခဲ့တာဖြစ်ပါသည်။ ဩဂုတ်လအတွင်း ပုစွန်တွေအပါအဝင် အခြားရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရတာကြောင့် ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့ လုပ်ငန်းကသူတွေလဲ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာပါသည်” ဟု လပွတ္တာမြိုနယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဖြိုးက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်တစ်ပိဿဈေးနှုန်းများ သည် ပုစွန်ဘော့ချိတ် ငွေကျပ် ၁၇၅၀၀ မှ ၁၉၅၀၀ ထိ၊ ပုစွန်ဆိတ်အသေး ငွေကျပ် ၁၈၅၀၀ မှ ၂၀၅၀၀ ထိ၊ ပုစွန်ဆိတ်အကြီး ငွေကျပ်၁၆၅၀၀ မှ ၁၉၅၀၀ ထိ၊ ပုစွန်ပြောင်တုပ်ကြီး ငွေ ကျပ် ၃၄၀၀၀ မှ ၃၅၅၀၀ ထိ စသည်ဖြင့် လတ်ဆက်မှုအပေါ် မူတည်၍ ဈေးအနိမ့်အမြင့်ရှိကြောင်း သိရှိရပါသည်။

Source: ရတနာပုံသတင်းစာ

Category: Local News