မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကရင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ပဲမျိုးစုံသီးနှံ နှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက် ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ထောပတ်ပဲ(ဆောင်း) သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ထောပတ်ပဲ(ဖြူ)မျိုး၊ ထောပတ်ပဲ(ညို) မျိုးနှင့် ထောပတ်ပဲ (ဖြူကျား)မျိုးများဖြစ်ပြီး ထောပတ်ပဲ(အဖြူ)မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၅-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ထောပတ်ပဲ(ဆောင်း)သီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၉၈၀၀၀-၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ် ရရှိကြောင်းသိရသည်။
အောက်တိုဘာလ ပထမပတ်တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၀၀၀၀-၁၃၀၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်များက ဝယ်ယူကြသည့် အပြင် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ၍ ပွဲရုံများသို့ တင်ပို့ရောင်းချ၍ ပွဲရုံများမှ တစ်ဆင့် ရန်ကုန်နှင့် မန္တလေး မြို့တို့သို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲသီးနှံ စိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် ထောပတ်ပဲများ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်း ရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: ကြေးမုံသတင်းစာ