Local News

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲဇီးကွက်နှင့် ပဲလွမ်းပြာများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပဲဇီးကွက်နှင့် ပဲလွမ်းပြာများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့်ကုန်စည်များထဲတွင် ယခုလက်ရှိ မန္တလေးဈေးကွက်အတွင်း၌ ပဲဇီးကွက် နှင့် ပဲလွမ်းပြာများကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပကလည်း အဝယ်လိုက်နေခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “မန္တလေး ပဲ၊ နှမ်းဈေးကွက်ထဲမှာတော့ ပဲဇီးကွက်နဲ့ ပဲလွမ်းပြာက အရောင်းအဝယ်တအားကောင်းတဲ့ ကုန်စည်ထဲမှာတော့ မပါပါဘူး။ အခုလတ်တလော ပဲဇီးကွက်နဲ့ ပဲလွမ်းပြာကို မန္တလေးဈေးကွက်အပြင် နယ်ဘက်တွေက ကုန်သည်တွေပါ လာပြီးဝယ်ယူနေတာကြောင့် ဒီကုန်စည်တွေအရောင်း အဝယ်ကောင်းနေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပဲဇီးကွက်သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အလားတူ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပဲလွမ်းပြာသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ယခုလက်ရှိ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်(စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ကုလားပဲ V2 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ကုလားပဲ V7 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကုလားပဲ TW သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News