Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးရံ့ခြောက် ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးရံ့ခြောက် ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ငါးရံ့ခြောက်ပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ငါးရံ့ခြောက်ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်မြို့နှင့် အခြားဒေသများက ဝယ်ယူမှုကောင်းခြင်းကြောင့် တင်ပို့ရောင်းချမှုကောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ငါးခြောက်အစုံကို ရန်ကုန်နဲ့အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်းငါးရံ့ခြောက် ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိဒေသထွက် ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအား ကောင်းနေပါတယ်။ ဈေးကတော့ ငါးခြောက်အကြီးအသေးအပေါ်မူတည်တာပေါ့။ အခုလိုအရောင်းအဝယ်ကောင်းလာတာက ပြည်ပဈေးကွက်တင်ပို့တာနဲ့ ပြည်တွင်းဝယ်ယူစားသုံးမှုများတာကြောင့် ဖြစ်ပါတယ်” ဟု ကျိုက်လတ်မြို့နယ် ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News