ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည် အိတ်ရေ ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေ ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း။ အဆိုပါဒေသထွက် ဗိုလ်ကိတ်ပဲများကို ရေကြည်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ “ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဇန်နဝါရီလထဲမှာ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေအများအပြား တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်။ ဗိုလ်ကိတ်ပဲတွေကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှုအားကောင်းလာပါတယ်။ ဒေသထွက်ပဲတွေ၊ စပါးတွေကို ရေကြည်ဘက်က ကုန်သည်ပွဲရုံပိုင်ရှင်တွေနဲ့ ရန်ကုန်ဈေးကွက်ကိုပဲ အများစုတင်ပို့ရောင်းချတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေတင်ပို့မှု အားကောင်းလာတော့ ကုန်သည်လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေနေပါတယ်” ဟု ရေကြည်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ဗိုလ်ကိတ်ပဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများပြားလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။
Source: ရတနာပုံ သတင်းစာ