Local News

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီများ အ‌ရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်ယူအားကောင်းလာမှုကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေထံမှ သိရသည်။ ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ပြီး ၁၀-၂-၂၀၂၅ ရက်နေ့ထိ ထောပတ်ပဲနီ (အပြားကြီး)များ ဝယ်ယူအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ထောပတ်ပဲနီ(အပြားကြီး)တစ်ရက်လျှင် ပြည်ရေ ၅၅၀၀ မှ ၇၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ထိုသို့ ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းလာခြင်းသည် ပြည်တွင်းဈေးကွက်အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီ ဝယ်လိုအားကောင်းလာပါတယ်။ ပြည်တွင်းဈေးကွက်က ထောပတ်ပဲနီတွေ အဝယ်လိုက်နေပြီး အရောင်းသွက်လာတာ ဖြစ်ပါတယ်။ ပြည်ပပဲဈေးကွက်ကို ပြန်တင်ပို့နေလို့ အခုလို ဝယ်လိုအားကောင်းလာတာလို့ ရန်ကုန်ဘက်က ကုန်သည်တွေဆီကနေ သိရပါတယ်။ အခုလ ပထမပတ်လောက်ကနေစပြီး အဝယ်လိုက်လာတာပါ။ အခုရက်ပိုင်းအတွင်း ထောပတ်ပဲနီက ဈေးပါနည်းနည်းထပ်တက်လာပါတယ်။ လက်ရှိ ထောပတ်ပဲကို စိုက်ပျိုးသူတွေနဲ့ ပဲသိုလှောင်ထားတဲ့ ကုန်သည်တွေ ရောင်းအားကောင်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထောပတ်ပဲနီက လာမဲ့ပဲပေါ်တဲ့ရာသီထိ အရောင်းအဝယ်က ဆက်ကောင်းနေဖို့ပဲရှိတယ်” ဟု ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယုဝေက ပြောပြသည်။ ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲနီ တစ်ပြည်လျှင် ငွေကျပ် ၉၇၀၀ ထိ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါ ထောပတ်ပဲနီများ ဝယ်လိုအား ကောင်းလာခြင်းကြောင့် ပဲသိုလှောင်ထားသည့် လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်ထမ်းလုပ်သားများ၊ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News