International News

မတ်-ဧပြီ ရိတ်သိမ်းရာသီ၌ စပါးတန်ချိန် ၈.၄၆ သန်း ထွက်ရှိရန် အင်ဒိုနီးရှားအစိုးရ ခန့်မှန်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လမှ ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ စပါးတန်ချိန် ၈.၄၆ သန်း အထိ  ရိတ်သိမ်းထွက်ရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းလျက်ရှိပါသည်။အဆိုပါ ခန့်မှန်းချက်သည် အင်ဒိုနီးရှား စာရင်းအင်းဌာန၏ ဧရိယာနမူနာကောက်ယူ  စောင့်ကြည့်လေ့လာမှုအပေါ် အခြေခံထားကြောင်း၊ နိုင်ငံတစ်ဝန်းရှိ နယ်မြေဒေသများစွာတွင် စပါးရိတ် သိမ်း ရာသီကာလ ရောက်ရှိလာခဲ့ပြီး မေလတိုင်အောင် ရိတ်သိမ်းမှုများရှိနေမည်ဖြစ်သောကြောင့် ရာမာဒန်ဥပုသ်ကာလအတွက် ဆန်လုံလောက်စွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ လမ်းညွှန်မှုအရ စိုက်ပျိုးဧရိယာများချဲ့ထွင်ခြင်း၊ စိုက်ပျိုးမှုအညွှန်းကိန်းတိုးမြှင့်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်းဟူသော မဟာဗျူဟာသုံးရပ်ဖြင့် ဆန်စပါးနှင့် ပြောင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် အလေးပေးဆောင်ရွက်လျက်ရှိကြောင်းဖြင့် အဆိုပါဝန်ကြီးဌာနမှ စားနပ်ရိက္ခာသီးနှံများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Suwandi က ၂-၂-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ရာ၌ ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားအစိုးရသည် မြစ်ရေတင်စနစ်ဖြင့် ခြောက်သွေ့မြေများနှင့် မိုးကောင်းသောက် လယ်မြေများသို့ ရေများပို့လွှတ်ခြင်း၊ တွင်းတိမ်နှင့်တွင်းနက် မြေအောက်ရေ စုပ်ယူပေးဝေခြင်း၊ စိမ့်မြေများကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ တောင်သူများအတွက် လယ်ယာစိုက်ခင်းများ၌ ဖြစ်ပေါ်နေသော ပြဿနာများအပေါ် တိုက်ရိုက်ဖြေရှင်းပေးခြင်းများဖြင့် စိုက်ပျိုးမှုကို အရှိန်မြှင့် တင်ဆောင်ရွက်ရှိပါကြောင်း Suwandi က ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားစာရင်းအင်းဌာနမှ ထုတ်လုပ်မှုဆိုင်ရာ စာရင်းအင်းလက်ထောက်ဖြစ်သူ M. Habibullah ကလည်း စပါးရိတ်သိမ်းထွက်ရှိမှုသည် မတ်လအတွင်း၌ တန်ချိန် ၃.၅၄ သန်းနှင့် ဧပြီလတွင် တန်ချိန် ၄.၉၂ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ပြည်နယ် (၁၀) ခုဖြစ်သော East Java၊ Central Java၊ West Java၊ South Sumatra၊ South Sulawesi၊ North Sumatra၊ Aceh၊ Lampung၊ West Nusa Tenggara နှင့် Banten တို့မှ မတ်လတွင် စိုက်ပျိုးထွက်ရှိမှု၏ ၈၇ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဧပြီလတွင် ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကိုလည်းကောင်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Antara News, 2 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News