Local News

ဓနုဖြူမြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှ စပြီး ယနေ့ထိ ပဲလွမ်းဖြူများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းလာကြောင်း၊ အဆိုပါ ပဲလွမ်းဖြူများ ဝယ်လိုအားကောင်းလာခြင်းသည် ဒေသထွက် ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူအားကောင်းလာပြီး ဒေသထွက်ပဲလွမ်းဖြူများ အထွက်နည်းနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

“ဒေသထွက်ကုန် ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင်အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ စက်တင်ဘာလ ပထမပတ်လောက်ကနေ သိသိသာသာကို အဝယ်လိုက်လာဖြစ်ပါတယ်။ အခုအဝယ်လိုက်နေတဲ့အပြင် ဈေးလဲအနည်းငယ်ကောင်းလာသည်။ ဒေသထွက်ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါသည်။ ပဲအထွက်နည်းလာတာနဲ့ အဝယ်လိုက်ပြီး အရောင်းသွက်နေတာဖြစ်ပါသည်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ သိပ်မထွက်သေးပါ၊ ဒေသမှာ ပဲလွမ်းဖြူက မိုးသီးနှံတွေသိမ်းချိန်မှာ အထွက်များပါတယ်” ဟု ဓနုဖြူမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ ဓနုဖြူမြို့နယ်တွင် ပဲလွမ်းဖြူ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၆၀၀၀ ပေါက်ဈေးရှိနေ ကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် ဆန်စပါး စသည့်ရာသီထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News