Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်အတွင်း သီးထပ်ရင်စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း သီးထပ်ရင်စပါးတင်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင် မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်မြတ်မော်က ပြောပြ၍ သိရသည်။ မအူပင် မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက သီးထပ်ရင်စပါးအမျိုးအစားတင်းရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအ တွင်း သီးထပ်ရင်စပါး အမျိုးအစားတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။ “မအူပင်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက သီးထပ်ရင်စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါသည်။ မအူပင်မြို့နယ်ကနေစပါး အပါအဝင် လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါသည်။ သီးထပ်ရင်လိုခေါ်တဲ့ စပါးအမျိုးအစားက ဆန်ကြမ်းအုပ်စုထဲမှာ ပါတဲ့ စပါးအမျိုးအစားဖြစ်ပါသည်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုများနေလို့တင်ပို့အားကောင်းလာတာဖြစ်ပါသည်။ ပြည်တွင်း ဆန်၊ စပါးဈေးကွက်မှာကို စပါးက အဝယ်လိုက်နေပါသည်” ဟု မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်မော်က ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တင်ပို့ရောင်းချခဲ့သည့် သီးထပ်ရင်စပါးအမျိုးအစားတင်းရေ ၁၀၀ လျှင်ငွေကျပ် ၂၀၉၀၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါစပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် စပါးစိုက်တောင်သူများ၊ ဆန်ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေနေကြောင်း မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်မော်ထံမှ သိရသည်။ ဒီသီးထပ်ရင်စပါးက စားကောင်းပြီး ဈေးကွက်ကောင်းပါသည်။ အခုအရောင်းအဝယ်ဖြစ်နေတဲ့ သီးထပ်ရင်စပါးက လက်ကျန်စပါးဟောင်းပါ။ လာမဲ့စပါးအသစ်တွေ လှိုင်လှိုင်ပေါ်လာလဲ သီးထပ်ရင်စပါးအမျိုးအစားက အရောင်းအဝယ်ကောင်းဖို့ပဲ ရှိပါတယ် ဟု မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်မော်က ပြောပြသည်။

Source: ရတနာပုံသတင်းစာ

Category: Local News