ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငါးပြေမ ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ငါးပြေမ ပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ငါးပြေမ ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကထွက်တဲ့ ငါးပြေမတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူ မှုများနေပါတယ်။ ဒီဇင်ဘာလအတွင်း ငါးပြေမပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ကျိုက်လတ်မြို့နယ်ကနေ ငါးပြေမတွေအပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံးတင်ပို့ရောင်းချပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ခဲ့ရတာပါ” ဟု ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် လယ်ငါးပြေမနှင့် မွေးမြူ ရေးငါးပြေမ နှစ်မျိုးထွက်ရှိပြီး ထွက်ရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပြေမ ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ငါးပြေမများ ဝယ်ယူမှုအားကောင်းလာသည့်အတွက် ငါးပြေမမွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ