ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ဆန်ကွဲ ၁၆ ပြည်ဝင်အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်ထံမှ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဆန်ကွဲ ၁၆ ပြည်ဝင်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ဆန်ကွဲ ၁၆ ပြည်ဝင်အိတ်ရေး ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ဆန်ကွဲများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ ဆန်ကွဲတွေ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ဆန်ကွဲအိတ်တွေ ကို ဒီဇင်ဘာလ ပထမပတ်လောက်ကနေစပြီး ဝယ်ယူမှုသိသိသာသာ အားကောင်းခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း ဆန်ကွဲဝယ်ယူမှုကောင်းလာတော့ ဆန်ကွဲတွေကိ ပွဲရုံပိုင်ရှင်တွေက ပိုမိုတင်ပို့ရောင်းချနေရပါတယ်၊ ဓနုဖြူမြို့နယ်ကနေ ဆန်ကွဲတွေကို ကုန်းလမ်းကြောင်းကနေ ကုန်တင်ကားတွေနဲ့ အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု ဒေါ်သူအောင်က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါဆန်ကွဲများ တင်ပို့ရောင်းချမှုကောင်းလာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ