Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၈၂၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၈၂၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ‌ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးတန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက ငါးတန်ပိဿာချိန် ၅၉၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ငါးတန်ပိဿာချိန် ၈၂၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တစ်လအတွင်း ငါးတန်ပိဿာချိန် ၈၂၀၀၀ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကထက် ငါးတန်ပိဿာချိန် တော်တော်များများပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ကနေ ထွက်ရှိတဲ့ရေထွက်ကုန်မှန်သမျှ ရန်ကုန်ဈေးကွက်ကိုတင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ဘက်က ပြီးခဲ့တဲ့တစ်လအတွင်းကော၊ အခုလက်ရှိကော ရေထွက်ကုန်တွေ အရောင်းအဝယ်ကောင်းနေပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်သွက်လက်နေပါတယ်” ဟု လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။

လပွတ္တာမြို့နယ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၉၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးတန်များကို ရန်ကုန်ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် မွေးမြူ‌ရေးလုပ်ငန်းရှင်များ၊ ငါးရောင်းဝယ်ရေးကုန်သည်များ၊ ငါးကန်လုပ်သားများ၊ ကုန်တင်ကား အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News