Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၇၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ တစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက်မျှင်ငါးပိဿာချိန် ၁၀ လျှင် ငွေကျပ် ၁၈၅၀၀၀ ထိ ဈေးရှိနေကြောင်း သိရသည်။

“ဖျာပုံဒေသထွက် မျှင်ငါးပိတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မျှင်ငါးပိတွေ ဝယ်လိုအားကောင်းလာပါတယ်” ဟု ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။

ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသခံရေလုပ်သားများက ပင်လယ်ပြင်ကရရှိသောမျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုပ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မျှင်ငါးပိထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် ဒေသထုတ်ကုန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိလုပ်ငန်းတစ်ခုလျှင် လုပ်သားအနည်းဆုံး ၁၀ ဦးမှ ၁၅ ဦးထိ ဒေသတွင် အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News