Local News

ဂန္ဓမာပန်းစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်း၊ ဂန္ဓမာပန်းပင် စိုက်ပျိုးမှုအနေဖြင့် တစ်လခွဲသားအရွယ်ရှိသော ဂန္ဓမာပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့မှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသော ပန်းအမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုးနှင့် ပဲနီမျိုးများဖြစ်ပြီး စိုက်ပျိုးမှုပုံစံအနေဖြင့် မြေအကျယ်အဝန်းပေ ၆၀ ပတ်လည်တွင် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်များဖြင့် စိုက်ပျိုးကာ အပင်အရေအတွက် ၂၅၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ပျိုးပင်ဖိုး၊ မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ် ၁၅၀,၀၀၀ ကုန်ကျကြောင်း၊ အောက်တိုဘာလ တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ၅ လအကြာ မတ်လတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြုစုပျိုးထောင်နိုင်မှု အားကောင်းလျှင် မျိုးဆက် ၃ သားအထိ ချိုးယူခူးဆွတ်ရောင်းချရကြောင်း၊ တစ်ခါချိုးယူခူးဆွတ်ပြီးသည့် ဂန္ဓမာပန်းခင်းကို ဒုတိယအကြိမ် သွင်းအားစုများထည့်သွင်းပြီး ပြုစုပျိုးထောင်လျှင် ၃ လ အကြာတွင် ပြန်လည်ချိုးယူခူးဆွတ်၍ ရောင်းချရကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်းတစ်စည်းလျှင် ဖောက်သည်ဈေး (လက်ကားဈေး) ကျပ် ၅၀၀ ဖြင့် တစ်ရက်လျှင် ပန်းစည်းအရေအတွက် ၁၀၀ မှ ၁၅၀ အထိ ရောင်းချရပြီး လက်လီဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်း တစ်စည်းလျှင် ကျပ် ၈၀၀/၁၀၀၀ ဖြင့် ရောင်းချရကြောင်း၊ မြေအောက် ရေတင်စနစ်ဖြင့် ဂန္ဓမာပန်း တစ်ခါစိုက်ပျိုးလျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ် ၁,၃၅၀,၀၀၀ ခန့်ရရှိကြောင်း ဂန္ဓမာပန်းစိုက်တောင်သူများထံမှ သိရှိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News