Local News

ပြောင်းဆံဈေးဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာ ၁၄၀၀ ကျပ်အထိရှိလာ

Last Updated:

ပြောင်းဆံက ပြည်ပ ဝယ်လိုအားကောင်းနေတာကြောင့် ပြည်တွင်းမှာ ပြောင်းဆံဈေး ဆက်တိုက်မြင့်တက်လာနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကသိရပါတယ်။ပြောင်းဆံကို အိန္ဒိယနိုင်ငံ ဈေးကွက်ချဲ့ထွင်တင်ပို့နေတဲ့အပြင် ထိုင်းကိုလည်း ပြောင်းတင်ပို့မှုများပြီး ပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန်သုံးဆလောက်အထိ တင်ပို့နိုင်ခြင်း၊ နိုင်ငံခြားငွေ ဈေးမြင့်တက်ခြင်းတွေကြောင့် ပြောင်းဈေးကအမြင့်ဈေးတန်းမှာပဲရှိနေတာဖြစ်တယ်လို့သိရပါတယ်။

"ပြောင်းက ခုလလည်းပြည်ပတင်ပို့မှု လျာထားပမာဏထက် ကျော်လွန်ပြီးတင်ပို့နိုင်တယ်။ ပြောင်းဈေးက အတက်မှာပဲရှိနေတယ်၊ အိန္ဒိယလည်းပိုနေတယ်၊ အဓိကတော့ဈေးကွက်ကိုက်လို့ ပို့နိုင်တာပါ။ မြေပြင်လည်း ရသလောက်ဝယ်နေပါတယ် " လို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြောင်းဆံဈေးဟာ လက်ရှိ ဇွန်လ ၁၀ ရက်နေ့မှာဆိုရင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်မှာ တစ်ပိဿာကို ၁၃၈၀ ကျပ်မှ ၁၄၀၀ ကျပ်အထိရှိလာကြောင်း၊ မေလအစတုန်းက ပြောင်းဆံတစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကျပ်သာရှိလို့ တစ်လကျော်အတွင်းမှာ တစ်ပိဿာကို ၃၁၀ ကျပ်မြင့်တက်လာတာ ဖြစ်ပါတယ်။

မန္တလေး ကုန်စည်ဈေးကွက်မှာလည်း ဇွန်လ ၁၀ ရက်နေ့မှာ ပြောင်း (ဗမာ) က ၅၄ ပိဿာကို ၆၄၀၀၀ မှ ၆၅၀၀၀ ကျပ်၊ ပြောင်း ( cp) နဲ့ ပြောင်း ( ရှမ်း) က ၅၄ ပိဿာကို ၆၇၀၀၀ မှ ၆၈၀၀၀ ကျပ်အထိရှိလာကြောင်း ၊ မေလအစ ၂ ရက်နေ့တုန်းက ပြောင်း (ဗမာ) က ၅၄ ပိဿာကို ၄၉၅၀၀ မှ ၅၀၀၀၀ ကျပ်၊ ပြောင်း ( cp) နဲ့ ပြောင်း ( ရှမ်း) က ၅၄ ပိဿာကို ၅၁၀၀၀ ကျပ်သာရှိလို့ တစ်လကျော်အတွင်း ၅၄ပိဿာ၀င် တစ်အိတ်ကို ၁၆၀၀၀ ကျပ်ဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်။

ပြောင်းဆံဈေးမြင့်တက်လာပေမယ့်လည်း အခုရာသီက တောင်သူအများစုလက်ထဲမှာ ပစ္စည်းလက်ကျန်မရှိတော့ပဲ ကုန်သည်လက်ထဲနဲ့ အခြားသိုလှောင်ထားသူတွေ လက်ထဲမှာသာ ရှိတော့တယ်လို့သိရပါတယ်။ "အခုမှဈေးတက်တော့ တောင်သူတွေမခံစားရဘူးပေါ့၊ အခုကတောင်သူလက်ထဲ ပြောင်းမရှိကြတော့ဘူး၊ ရှိလည်းအနည်းစုလောက်ပဲ၊ အခုနှစ် တောင်သူတွေက ခွက်ခွက်လန်အောင်ရှုံးတယ်၊ လုပ်ငန်းရှင်ကုန်သည်ပဲအကျိုးအမြတ်ရကြမယ်" လို့ ပြောင်းစိုက်တောင်သူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာတော့ ပြောင်းဆံကို ပြည်ပတင်ပို့မှုအနေနဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို အဓိကတင်ပို့နေပြီး အများဆုံးကတော့ ထိုင်းနိုင်ငံကို တင်ပို့နေရတာဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပကို ပြောင်းဆံ တင်ပို့ရာမှာ နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်မှုမရှိဘဲ ပင်လယ်ရေကြောင်းကနေသာ အဓိကတင်ပို့နေရတာဖြစ်ပြီး ဧပြီလနဲ့မေလမှာ ပြည်ပကို ပြောင်းဆံတင်ပို့မှုအနေနဲ့ တန်ချိန် ၈ သိန်းကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်က ပြောင်းစိုက်တောင်သူတွေကတော့အခုနှစ်မှာ ပြောင်းဆံစိုက်ပျိုးမှုက အရှုံးနဲ့ရင်ဆိုင်ရတဲ့အတွက်ကြောင့် အခုနှစ်ပြောင်းစိုက်ရာသီမှာ ပြောင်းအစား အခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

Source: AMIA

Source: https://t.me/htwettoe

Category: Local News