Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ကဏန်းပျော့ပိဿာချိန် ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စုခိုင်၏ ပြောပြချက်အရ သိရသည်။ ဖျာပုံမြို့နယ်မှ ဒေသထွက်ကဏန်းပျော့များကို ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး မေလအတွင်းက သန့်စင်ပြီး ကဏန်းပျော့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်မှ ၃၀ ရက် အထိ တစ်လတာ ကာလအတွင်း သန့်စင်ပြီးကဏန်း ပျော့ပိဿာချိန် ၈၇၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေထွက်တဲ့ ကဏန်းပျော့တွေကို ရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းစျေးကွက်မှာ  အရောင်းအဝယ် ပြန်လည်သွက်လာတဲ့အတွက် ရန်ကုန်စျေးကွက်က အဝယ်လိုက်လာတာပါ။ တင်ပို့ကုန်များလာတော့ ကဏန်းပျော့လုပ်ငန်း လုပ်ကိုင်တဲ့သူတွေ အဆင်ပြေလာပါတယ်။ ဒါ့ပြင်ကဏန်းပျော့တင်ပို့တဲ့ လုပ်ငန်းတွေနဲ့  ဆက်စပ်တဲ့သူတွေလည်း အဆင်ပြေလာတယ်။ လက်ရှိ  ရန်ကုန်မြို့ကနေတစ်ဆင့်  ကဏန်းပျော့တွေကို ပြည်ပနိုင်ငံတွေကို ပြန်လည်တင်ပို့လာတာကြောင့်လည်း  အဝယ်လိုက်လာတာပါ။ ဒီဒေသမှာ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းကို အခုလိုရာသီမှာ အများဆုံးလုပ်ကိုင်ကြပါတယ်” ဟု ဒေါ်စုခိုင်ကပြောသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချသည့် ကဏန်းပျော့များကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့  တင်ပို့ ရောင်းချနေကြောင်း သိရသည်။ အဆိုပါဒေသထွက်ကဏန်းပျော့များ ဝယ်လိုအားကောင်းနေခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများနှင့် ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News