Local News

ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း သီဟိုဠ်စေ့ ပိဿာချိန် ၆၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇွန်လအတွင်း သီဟိုဠ်စေ့ ပိဿာချိန် ၆၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ‌‌ရေကြည်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကြည်ဆန်းက ပြောပြ၍ သိရသည်။ ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချလျက်ရှိရာ မေလအတွင်းက သီဟိုဠ်စေ့ ပိဿာချိန် ၄၅၀၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ သီဟိုဠ်စေ့ ပိဿာချိန် ၆၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို သီဟိုဠ်စေ့တွေ တင်ပို့ရောင်းချအားကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့တဲ့ သီဟိုဠ်စေ့တွေဟာ နွေကာလက လက်ကျန်သီဟိုဠ်စေ့တွေဖြစ်ပါတယ်။ ဒေသထွက် သီဟိုဠ်စေ့တွေကို ကုန်ချောအဖြစ်ပြုလုပ်ပြီး ရေကြည်မြို့ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ အဝယ်လိုက်နေပါတယ်” ဟု ‌ရေကြည်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ကြည်ဆန်းက ပြောပြသည်။

ရေကြည်မြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့်ဒေသထွက် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀ ထိဈေးပေါက်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ပျိုးရာတွင် မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်စသည့် ခရိုင်များ၌ စိုက်ပျိုးကြကြောင်း၊ အဆိုပါဒေသထွက် သီဟိုဠ်စေ့ကို ပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသဖြင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News