Local News

နွေနှမ်းများရိတ်သိမ်းအထွက်နှုန်းကောင်း ယခင်နှစ်ထက်ဈေးကောင်းရ

Last Updated:

ယခုနှစ်နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိကြောင်း တောင်သူများထံက သိရသည်။ ၂၀၂၄ ခုနှစ်နွေစပါး စိုက်ပျိုးချိန်နှင့်အတူစိုက်ပျိုးသည့် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက် ကောင်းမွန်သည့်ရာသီဥတုဖြစ်ခဲ့တာကြောင့် တစ်ဧက အထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာတစ်တင်း ငွေကျပ် ၁၂၀၀၀၀ ကျော်ပေါက် ဈေးရရှိတာကြောင့် နွေနှမ်းစိုက် တောင်သူများအဆင်ပြေကြောင်း အမရပူရမြို့နယ်၊ သာလှအေး ကျေးရွာမှ တောင်သူကိုရဲက ပြောသည်။

"ဒီနှစ်ရာသီဥတုလေးက မိုးနည်းတော့ နှမ်းအကြိုက်ရာသီ ဥတုဖြစ်ခဲ့တော့ အထွက်နှုန်းကောင်းကြပါတယ်၊၊ အခင်းကောင်းရင် တစ်ဧက ၁၅ တင်းလောက် ထိထွက်ကြသလို ပျမ်းမျှ ၁၀ တင်း အနည်းဆုံးထွက် ရှိပါတယ်။ နှမ်းဖြူဈေးက မနှစ်က တစ်တင်းငွေကျပ် ၁၀၀၀၀၀ ဈေး ရှိခဲ့တာကနေ ဒီနှစ် ၁၂၀၀၀၀ ကျော် ရောင်းရတော့ တောင်သူတွေ အဆင်ပြေပါတယ်" ဟု ၎င်း က ပြောသည်။

နွေနှမ်းစိုက်ပျိုးမှုကို မတ်လကစတင်ကာ စိုက်ပျိုးပြီး ဇူလိုင်လဆန်းအတွင်း အပြီးရိတ်သိမ်းလေ့ရှိရာ ယခုနှစ်မိုးဦးကာလ မိုးရွာသွန်းမှုနည်းပါးတာကြောင့် နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်း ဆီလိုအပ်ချက်မြင့်မားနေတာကြောင့်လည်း ဈေးကွက်အတွင်း နှမ်း မျိုးစုံဈေးကောင်းရရှိနေခြင်းဖြစ်သည်။ မန္တလေးဈေးကွက်တွင် နှမ်းဖြူထိပ်စ တစ်တင်းလျှင် ငွေကျပ် ၁၂၆၀၀၀ ပေါက်ဈေးရှိသဖြင့် နှမ်း တစ်ဧကလျှင် ဝင်ငွေ ၁၂ သိန်း ကျော်ရရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News