Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပင်လယ်စာခုံးပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပင်လယ်စာခုံးပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ပပက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် သဘာဝအတိုင်းဖမ်းယူရရှိသည့် ပင်လယ်စာခုံးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဇွန်လအတွင်းက ပင်လယ်စာခုံးပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပင်လယ်စာခုံးပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဒေသကထွက်တဲ့ ပင်လယ်စာခုံးတွေ အဝယ်လိုက်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်နေပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ပင်လယ်စာခုံးတွေ အရောင်းအဝယ်‌ကောင်းခဲ့ပါတယ်။ အရင်လတွေကထက် ကုန်ချိန်တွေလဲ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်ကထွက်တဲ့ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေအပြင် ပင်လယ်စာခုံးကို သဘာဝအတိုင်း ရှာဖွေဖမ်းယူရရှိကြတာ ဖြစ်ပါတယ်။ ဒေသထွက်ပင်လယ်စာခုံးတွေကို လပွတ္တာမြို့ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့‌ရောင်းချတာပါ။ အခု အ‌ရောင်းအဝယ်တွေ ပုံမှန်ထက်ပိုမိုအရောင်းသွက်လက်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ ပြန်ပြီးအလုပ်အကိုင်အခွင့်အလမ်းတွေရရှိတာပေါ့” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများကို ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ပပက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများအပြင် ပင်လယ်စာခုံးများကို ရေလုပ်သားများထံမှ ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News