Local News

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ပဲယဉ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲကြီး၊ တိုင်ထောင်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲယဉ်း စသည့် ပဲမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး ပဲယဉ်းသီးနှံကို ပခမ်း၊ ကျီတိုင်၊ နွားကူးလေးနှင့် ခင်လည်ကျေးရွာတို့၌ ၅၁၈ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ပဲယဉ်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး လေးလအကြာတွင် ရိတ်သိမ်းရကြောင်း၊ ပဲယဉ်းသီးနှံမျိုးအနေဖြင့် ပဲယဉ်းကြီးမျိုးနှင့် ပဲယဉ်းသေးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးတစ်ပြည်ကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထယ်ထိုး၍ မျိုးစေ့ကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်မှာ မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀ ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၂၅-၃၀ တင်းခန့်ထွက်ရှိပြီး ပဲယဉ်းတစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၁၀ သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲယဉ်းတစ်တင်းလျှင် ငွေကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မြစ်သားမြို့ပေါ်ရှိ သီးနှံပွဲရုံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ပဲယဉ်းသီးနှံစိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ကာ ဈေးကောင်း ရရှိပါက အကျိုးအမြတ်များရရှိနိုင်မည် ဖြစ်ကြောင်း၊ ပဲယဉ်းသီးနှံမှာ စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် ပဲယဉ်းသီးနှံကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News