မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲနှင့် စားဖိုဆောင် သီးနှံဖြစ်သော ကြက်သွန်နီတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ခရမ်းချဉ်သီးကို စက်တင်ဘာလ တတိယပတ်တွင် စတင်စိုက် ပျိုးပြီး ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးကို စိုက်ပျိုးပြီး တစ် ဧကလျှင် မျိုးစေ့ခြောက်ထုပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မျိုးစေ့ကို အိတ်ဖြင့် ပျိုးထောင်ကာ ၂၀ ရက်သား အရွက်တွင် မြေသို့ ချ၍ တိုင်ထောင် စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျစရိတ်မှာ မျိုး၊ သွင်းအားစု၊ လုပ်သား ခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၈ သိန်းခန့် ကုန်ကျပြီး ပိဿာချိန် ၂၅၀၀-၂၈၀၀ ခန့် ထွက်ရှိကြောင်းစ၊ ဈေးနှုန်း အနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီးလက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀-၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၉၇ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်နှင့် ယှဉ်လျှင် အထွက်နှုန်း လျော့နည်းသွားသော်လည်း ဈေးနှုန်းကောင်းမွန်၍ တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ