မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံစိုက်ပျိုးလျက်ရှိရာ မကျီး တောကျေးရွာတွင် ပဲမြစ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပဲမြစ်ကို စနယ်မြေအမျိုးအစားမြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးကာ နိုဝင်ဘာ လ၊ ဒီဇင်ဘာလများတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို စိုက်ပျိုးကြကြောင်း၊ ပဲမြစ် တစ်ဧကလျှင် မျိုးနှစ်တင်းခွဲခန့် စိုက်ပျိုးရပြီး မျိုးတစ်တင်းလျှင် ငွေကျပ် ၁၁၀၀၀၀-၁၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရ ကြောင်း၊ ပဲမြစ်စိုက်ပျိုးရာတွင် မြေပေါင်များပြုလုပ်၍ အစေ့ချ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ပဲမြစ်တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး ပိဿာချိန် ၆၀၀-၇၀၀ ခန့် ထွက်ရှိကြောင်း၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲမြစ်တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀-၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၂၀-၂၅ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိလာသော ပဲမြစ်များကို တံတားဦးမြို့ပေါ်ရှိ သီးနှံပွဲရုံများမှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ တံတားဦးမြို့နယ်ထွက် ပဲမြစ်များသည် အခြားဒေသမှ ထွက် ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ကာ အရသာပိုမိုကောင်မွန်သည့်အတွက် အရောင်းအဝယ်ကောင်းမွန် လျက်ရှိပြီး အကျိုးအမြတ်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ