Local News

မန္တလေးဈေးကွက်အတွင်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများအရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း အောင်ကြက်သွန်နှင့် အာလူး ပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ မန္တလေး ဈေးကွက်အတွင်း၌ မြင်းခြံဘက်မှ ကြက်သွန်နီများ အရည်အသွေးကောင်းမွန်သည့်အတွက် ဒီဇင်ဘာလ ပထမပတ်မှစ၍ ဆက်တိုက်အ ဝယ်လိုက်လျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပကလည်း ကြက်သွန်နီများကို ဝယ်ယူမှုများပြားလာကြောင်း သိရသည်။ “မန္တလေးဈေးကွက်ထဲမှာ အခုလက်ရှိမြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေကို ကုန်သည်တွေ တော်တော်များများဝယ်ယူနေကြတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ မြင်းခြံဘက်က ထွက်တဲ့ကြက်သွန်နီတွေ အခုလတ်တလောအရောင်းအဝယ် ပြန်ကောင်းမွန်နေပါတယ်” ဟု အောက်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀ ခန့်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “မန္တလေးဈေးကွက် ထဲ မြင်းခြံအပြင် တောင်သာနဲ့ ပခုက္ကူဘက်ကထွက်ရှိတဲ့ကြက်သွန်နီတွေ အဝင်များပါတယ်။ အခုလတ်တလောမှာတော့ မြင်းခြံဘက်က ကြက်သွန်နီက မန္တလေးဈေးကွက်ထဲအရောင်းအဝယ် အကောင်းဆုံးအနေအထားမှာရှိပါတယ်။ ပခုက္ကူနဲ့ တောင်သာဘက်က ထွက်ရှိတဲ့ ကြက်သွန်နီတွေလဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု အောင်ကြက်သွန်နဲ့ အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News