International News

ကမ္ဘောဒီးယားနိုင်ငံမှ ငရုတ်ကောင်းများ တရုတ်နိုင်ငံသို့ တင်ပို့မှုစတင်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် အရေးပါသော လုပ်ဆောင်မှုတစ်ရပ်အဖြစ် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ဘက်ဖြစ်သည့် တရုတ်နိုင်ငံသို့ ငရုတ်ကောင်းများတင်ပို့မှုကို ယခင်လ၌ စတင်လိုက်ခြင်း ဖြင့် ထိုသို့တင်ပို့နိုင်ရေး နှစ်ကာလကြာမြင့်စွာ ပြင်ဆင်ခဲ့ရမှုကို အောင်မြင်စွာ ဆုံးသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

တရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယား၏ ပထမဆုံး ဟင်းခတ်အမွှေးအကြိုင် ကုန်စည်အဖြစ် ငရုတ်ကောင်း တန်ချိန် ၃၀ ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နှင့် ၂၀ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ Qingdao မြို့သို့ တင်ပို့ခဲ့သည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းဖြစ်သော TVK က ၇-၅-၂၀၂၄ နေ့ တွင် ဖော်ပြခဲ့သည်။ အလားတူ Sela Pepper Co. Ltd ကလည်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ငရုတ်ကောင်းတင်ပို့မှုကို ဧပြီလ ၂၀ ရက်နေ့၌ စတင်ခဲ့ကြောင်း၊ ဒုတိယအသုတ် သင်္ဘောတင်ပို့မှုကို ၉-၅-၂၀၂၄ နေ့တွင် ထွက်ခွာရန် စီစဉ်ထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ရှိသော ငရုတ်ကောင်းများ သင်္ဘောတင်ပို့ရန်အတွက် ခွင့်ပြုထားပြီဖြစ်ကြောင်းကို ဖနွမ်းပင်ရှိ တရုတ်သံရုံးက ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့ကတည်းကပင် ကြေညာထားရာ ယခုကဲ့သို့ တင်ပို့နိုင်ရန်အတွက် ၁ နှစ်ကြာမျှ ကြိုးပမ်းခဲ့ရသည်။ တရုတ်ဈေးကွက်သို့ ငရုတ်ကောင်း တင်ပို့နိုင်မှုသည် ကမ္ဘောဒီးယား ငရုတ်ကောင်းလုပ်ငန်းကဏ္ဍ၌ အထူး သဖြင့် တောင်သူများအတွက် ကောင်းစွာ အထောက်အပံ့ပြုမည်ဖြစ်သည်။

ကမ္ဘောဒီးယား ငရုတ်ကောင်းနှင့်ဟင်းခတ်အမွှးအကြိုင်အသင်းချုပ် (Cambodia Pepper and Spices Federation - CPSF) မှ အမှုဆောင်ဒါရိုက်တာ Vannal Van က မကြာသေးမီက တရုတ်နိုင်ငံသို့ ငရုတ်ကောင်း တိုက်ရိုက်တင်ပို့နိုင်မှုသည် နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ကို ပြသခြင်းပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ ကြီးမားသော စားသုံးသူ ဈေးကွက်သည် ကမ္ဘောဒီးယား ငရုတ်ကောင်းတင်ပို့သူများကို ဈေးကွက်အလားအလာ အသစ်များဖြင့် ကမ်းလှမ်းလျက်ရှိကြောင်း၊ ကမ္ဘောဒီးယား ငရုတ်ကောင်းအပေါ် ဝယ်လိုအားမြင့်တက်လာမှုသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို လှုံ့ဆော်နိုင်မည်ဖြစ်ပြီး ဈေးကောင်းရရှိမှုမှတစ်ဆင့် ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်မှုတွင် ပိုမိုပါဝင်လုပ်ကိုင်စေလျက် တောင်သူများနှင့် ကျေးလက်နေပြည်သူများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းနယ်ပယ်ကို ကြီးမားသည့်အဆင့်သို့ လက်ငင်းရောက်ရှိနိုင်ရေးအတွက် အဓိက ကန့်သတ်ချက်အဖြစ် ငရုတ်ကောင်း စိုက်ပျိုးသည့် တောင်သူများနှင့် တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဌာန (GACC) ၌ မှတ်ပုံတင်ပြီးသည့် ပြုပြင်ထုတ်လုပ်သူများ၏  အရေအတွက်မှာ အကန့်အသတ်ဖြင့်သာ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းကာလများတွင် ကမ္ဘောဒီးယားနိုင်ငံသည် ငရုတ်ကောင်းနမူနာများကို တရုတ်နိုင်ငံရှိ ဝယ်လက်များထံသို့ ပေးပို့ထားခဲ့ပြီး ပြည်ပတင်ပို့နိုင်ရေးအတွက် မြေပြင်၌ လိုအပ်သည်များ ကို ပြင်ဆင်ခဲ့သည်။ တရုတ်နိုင်ငံရှိ GACC ဌာနသည် ကမ္ဘောဒီးယားနိုင်ငံမှ လျှောက်ထားသော ပို့ကုန်အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် မေလတွင် သဘောတူအတည်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ရှိသော ငရုတ်ကောင်းကို အမေရိကန်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမြောက်ပိုင်း‌ ဒေသများကလည်းဝယ်ယူရန် စိတ်ဝင်စားမှုရှိပြီး ကမ္ဘောဒီးယား ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်းချုပ်သည် အဆိုပါဒေသများသို့ ဈေးကွက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ ငရုတ်ကောင်းစိုက်ပျိုးမှုမှာ ၆၉၃၅ ဟက်တာရှိကြောင်း၊ ယခုနှစ် ပထမသုံးလပတ်အတွင်း ငရုတ်ကောင်း တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ သန်းခန့်ရှိပြီး ကမ္ဘောဒီးယားဈေးကွက်တွင် လက်ရှိကာလ၌ ငရုတ်ကောင်းအနက်၏ ဈေးနှုန်းသည် မက်ထရစ်တစ်တန်လျှင် ဒေါ်လာ ၄၀၀၀ မှ ၄၅၀၀ အတွင်းရှိကြောင်း၊ ယင်းပမာဏသည် ယခင်နှစ်ကထက် ဒေါ်လာ ၁၀၀၀ ခန့် ပိုမိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် Kampot ပြည်နယ်မှထွက်ရှိသော ပထဝီဒေသဆိုင်ရာ အညွှန်း (GI) ရရှိထားသည့် ငရုတ်ကောင်းနှင့် ငရုတ်ကောင်းအရောအနှော၊ ကောင်းမွန်သော လယ်ယာစိုက်ပျိုးရေး အလေ့အထကျင့်သုံးစိုက်ပျိုးသည့် ငရုတ်ကောင်းနှင့် အော်ဂဲနစ်ငရုတ်ကောင်းများ အပါအဝင် GI မပါရှိသော ငရုတ်ကောင်းများကို ပြည်ပသို့တင်ပို့လျက်ရှိသည်။ GI အညွှန်း ဖော်ပြပါ ရှိသည့် ငရုတ်ကောင်းအများစုမှာ  ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာဈေးကွက်များသို့ ငရုတ်ကောင်း တန်ချိန် ၆၁၅၃ တန် တင်ပို့ခဲ့ရာ ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၂၆.၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းနိမ့်ကျမှုအရ ထုတ်ကုန်များကို တောင်သူများမှ ဈေးကွက်အတွင်းသို့ ရောင်းချမှု မရှိသဖြင့် ပြည်ပတင်ပို့မှု ကျဆင်းခဲ့ရကြောင်း Khmer Times သတင်းဌာနက ဖော်ပြထားသည်။

Source: Khmer Times, 8 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News