စင်ကာပူနိုင်ငံ Jurong ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့် ကုန်တင်သင်္ဘောများသည် စင်ကာပူပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Marine and Port Authority of Singapore-MPA) သို့ မှတ်ပုံတင်လက်မှတ် (certificate of registry-COR) တင်ပြရမည်ဖြစ်ကြောင်း MPA က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် Port Marine Notice 51 of 2025 ကို ထုတ်ပြန်ခဲ့ပါသည်။ ယခင်ထုတ်ပြန်ခဲ့သည့် Port Marine Notice 038 of 2023 ကို Port Marine Notice 51 of 2025 ဖြင့် အစားထိုးကြောင်း ဖော်ပြထား သည်။
စင်ကာပူပင်လယ်ရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အက် (Maritime and Port Authority Of Singapore Act) အခန်း (၁၇၀ က) ၏ အပိုင်း ၄၄ (၂) (ခ)(၆) ဆိပ်ကမ်း အာဏာပိုင်၏ လုပ်ပိုင်ခွင့်များအရ ကုန်တင်သင်္ဘောပိုင်ရှင်များ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများသည် Jurong ဆိပ်ကမ်းသို့ ဆိုက်ကပ်မည့် ကုန်တင်သင်္ဘောအတွက် MPA တွင် COR တင်ပြရမည်ဖြစ်သည်။
COR ကို ဆိပ်ကမ်းသို့ မရောက်မီ အနည်းဆုံး အလုပ်လုပ်ရက် ၃ ရက် ကြိုတင်၍ MPA သို့ တင်ပြရမည်ဖြစ်သည်။ ကုန်တင်သင်္ဘောတစ်စီးအတွက် တစ်ကြိမ်သာတင်ပြရန်လိုပြီး COR တင်ပြပြီးနောက်တွင် ယင်းသင်္ဘောဆိပ်ကမ်းသို့ ဆိုက်ကပ်သည့်အချိန်တိုင်းအတွက် COR တင်ပြရန် မလိုအပ်ပါ။
စင်ကာပူပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ လုပ်ထုံးလုပ်နည်း ၄၅ (၂) အရ ကုန်တင်သင်္ဘောများအနေဖြင့် MPA ၏ ဆိပ်ကမ်းအကြီးအကဲထံမှ စာဖြင့် ရေးသား ခွင့်ပြု ချက်ရရှိထားသည်မှလွဲ၍ နေ့စဉ် ၁၉:၀၀ နာရီမှ ၀၇:၀၀ နာရီအကြား ဆိပ်ကမ်း ကန့်သတ် နေရာသို့ ဝင်ရောက်ခြင်း၊ ရွေ့လျားခြင်း၊ ဆိုက်ကပ်ခြင်းမပြုရန်၊ Jurong ဆိပ်ကမ်းသို့ ဆိုက် ကပ်လာသည့် ကုန်တင်သင်္ဘောများသည် ဝင်ရောက်ရန် သတ်မှတ်ထားသည့် လမ်းကြောင်း များအတိုင်း လိုက်နာရန်၊ သင်္ဘောဝင်ရောက်မှု ရှင်းလင်းရေးကိစ္စရပ်များ သို့မဟုတ် အရေးပေါ်ကိစ္စရပ်များအတွက် AWQI မှလွဲ၍ Selat Pauh တွင် ကျောက်ချရပ်နားခြင်းနှင့် အခြားကျောက်ချရပ်နားခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုရန် ကုန်တင်သင်္ဘောပိုင်ရှင်များ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ကြပ်မတ်ပေးရမည်ဖြစ်သည်။
COR တင်ပြရန် ပျက်ကွက်ပါက အမေရိကန်ဒေါ်လာ ၁၀,၀၀၀.၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဆိပ်ကမ်းကန့်သတ်နေရာသို့ ဝင်ရောက်ခြင်း၊ ဆိုက်ကပ်ခြင်း၊ ကုန်တင်သင်္ဘောများ ဝင်ရောက်ရန် သတ်မှတ်လမ်းကြောင်း၊ ကျောက်ကျရပ်နားခြင်းစသည်တို့နှင့်ဆိုင်သည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက အမေရိကန်ဒေါ်လာ ၂၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဆက်လက်၍ ပြစ်မှုကျူးလွန်ပါက ပြစ်မှုကျူးလွန်သည့်နေ့ သို့မဟုတ် နေ့အလိုက် တစ်နေ့လျှင် စင်ကာပူဒေါ်လာ ၂,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရင်းမြစ်။ Marine and Port Authority of Singapore
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့