Local News

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်းဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျုံပျော်မြို့နယ်မှ ဆန်၊ စပါး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားကောင်းနေကြောင်း သိရသည်။ “ကျုံပျော်မြို့နယ်ကနေ ဆန်၊ စပါး၊ ဆန်ကွဲတွေကို ရန်ကုန်ဘက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဆန်ကွဲအိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဆန်ကွဲအိတ်တွေက ၂၄ ပြည်ဝင်အိတ်တွေပါ။ ဒီဘက်က ဆန်ကွဲအိတ်တွေကို ဧပြီလရဲ့ ပထမပတ်လောက်ကစပြီး ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားခဲ့တာဖြစ်ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ်တင်ပို့ရောင်းချနေပါတယ်” ဟု ကျုံပျော်မြို့နယ် ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပို်ငရှင် ဒေါ်လဲ့လဲ့က ပြောပြသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်ကွဲများ တင်ပို့ရောင်းချအားတက်လာခြင်း၊ ဈေးကောင်းရရှိလာခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ၊ ကုန်တင်ယာဉ်ပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News