Local News

မန္တလေးဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း သကြား အရောင်းအဝယ်ကောင်းမွန်လာ

Last Updated:

မန္တလေးဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း သကြားအရောင်းအဝယ်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း(မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်ဌေးက ပြောပြ၍ သိရသည်။ မန္တလေးဈေးကွက်အတွင်း ဩဂုတ်လပထမပတ်က သကြားအရောင်းအဝယ်မှာ ပုံမှန်အနေအထားတိုင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးဈေးကွက်တွင် ဩဂုတ်လဒုတိယပတ်အတွင်း သကြားအရောင်းအဝယ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။

“မန္တလေးဈေးကွက်ထဲမှာ သကြားက ကုန်စည်လက်ကျန်ပြတ်တာမျိုးတွေတော့မရှိပါဘူး။ အခုလတ်တလော မန္တလေးဈေးကွက်ထဲမှာ ကုန်သည်တွေအဝယ်များလာတာကြောင့် သကြားလက်ကျန်ပြန်ပြီးရှားပါးလာတယ်။ သကြားအရောင်းအဝယ်ကလဲ ပြန်ပြီးကောင်းလာပါတယ်” ဟု ဦးဝင်းဌေးက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ယခုလက်ရှိ ပြည်တွင်း၊ ပြည်ပကဝယ်ယူမှုများပြားလာခြင်းကြောင့် သကြားအရောင်းအဝယ်ပြန်လည်ကောင်းမွန်ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် သကြားတစ်ပိဿာလျှင် ငွေကျပ် ၄၇၅၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ ပြည်တွင်းက ထွက်ရှိတဲ့သကြားကို အများဆုံးဝယ်ယူတဲ့ ပြည်ပနိုင်ငံတွေကတော့ ဗီယက်နမ်၊ ထိုင်း စတဲ့နိုင်ငံတွေက မှာယူမှုအများဆုံးဖြစ်ပါတယ်။ ပြည်ပကသကြားမှာယူမှုတွေ ပြန်ပြီများလာတာကြောင့် ပြည်တွင်းဈေးကွက်မှာလဲ သကြားကအရောင်းအဝယ် တော်တော်လေးပြန်ပြီးကောင်းလာပါတယ်” ဟု ဦးဝင်းဌေးက ဆက်လက်ပြောပြသည်။ ပြည်တွင်း၌ သကြားထွက်ရှိမှုအများဆုံးတိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News