Local News

မန္တလေးဈေးကွက်အတွင်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း မြင်းခြံဘက်မှထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့မှ အောင် ကြက်သွန်နှင့် အာလူးပွဲရုံ ပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိ မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက် သွန်နီများကို မန္တလေးဈေးကွက်အတွင်း ကုန်သည်များက အဝယ်ပြန်လိုက်လာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများကလည်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီကို ဝယ်ယူမှုများရှိကြောင်း သိရသည်။

“အခု မြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေကို ကြက်သွန်နီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းရှင်တွေက အဝယ်တော်တော်များလာတယ်။ မန္တလေးဈေးကွက်ထဲမှာလဲ အရောင်းအဝယ်တော်တော်လေးပြန်ပြီး ကောင်းနေပါတယ်” ဟု ဒေါ်မေသဲဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရမြင်းခြံဘက် မှထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿလျှင် ငွေကျပ် ၂၆၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “အခု မန္တလေးဈေးကွက်ထဲမှာဆိပ်ဖြူဘက်ကထွက်တဲ့ ကြက်သွန်နီတွေလဲ အရောင်းအဝယ်ပြန်ဖြစ်နေတယ်။ အရောင်းအဝယ်အကောင်းဆုံးအနေအထားမှာရှိနေတာ ကတော့ မြင်းခြံဘက်ကထွက်ရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်နီတွေပဲဖြစ်ပါတယ်” ဟု ဒေါ်မေသဲဆွေက ဆက်လက်ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ပခုက္ကူ၊ မြင်းခြံ၊ ပျော်ဘွယ်နှင့် တောင်သာဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ယခုလတ်တလော မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ဝယ်ယူနေခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ကြက်သွန်နီများ အရောင်းအဝယ်ကောင်း မွန်လျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News