Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးပိမျိုးစုံပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးပိမျိုးစုံပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဒေသထွက် ငါးပိမျိုးစုံပိဿာချိန် ၇၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးပိမျိုးစုံပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ငါးပိမျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူများပြားနေခြင်းကြောင့် အရောင်းအဝယ်ကောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ငါးပိ ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဘိုကလေးမြို့နယ်ကနေထွက်ရှိတဲ့ ငါးပိတွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ဒေသထွက် ငါးပိမျိုးစုံကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ အခုလို အရောင်းအဝယ်ကောင်းလာတော့ ငါးပိလုပ်ငန်းလုပ်ကိုင်တဲ့သူတွေအားလုံး အဆင်ပြေလာပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးပိမျိုးစုံမှာ ငါးရံ့ငါးပိ၊ ငါးခုံးမငါး ငါးပိ၊ ဂျပန်ငါး ငါးပိ၊ ငါးပင်နော်ငါးပိ၊ ငါးပြေမ ငါးပိ စသည့် ရေချိုငါးပိများ အများဆုံး တင်ပို့ရောင်းချခဲ့ကြောင်း၊ အဆိုပါ ငါးပိဈေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ မှ ၂၅၀၀၀ ထိ အမျိုးအစားလိုက် ဈေးအနိမ့်အမြင့်ပေါက်ဈေးရှိကြောင်း ဘိုကလေးမြို့နယ် ငါးပိငါးခြောက် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြ၍ သိရှိရသည်။

Category: Local News