Local News

ဆောင်းသီးနှံကုလားပဲများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် နှမ်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ ပဲစင်းငုံ၊ နေကြာ၊ ပြောင်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြားသီးပင်စားပင်များ စိုက်ပျိုးထွက်ရှိပြီး အထက်မင်းလှမြို့နယ်၌ ဆောင်းသီးနှံကုလားပဲကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရာတွင် ရေဆင်း-၆ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ဆောင်းသီးနှံ ကုလားပဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိရာ မတ်လ စတုတ္ထပတ်တွင် အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် အပင်အထွက်ညီသော ကုလားပဲစိုက်ဧက တစ်ဧကလျှင် ၂၅ တင်း မှ ၃၆ တင်းအထိ ထွက်ရှိကြောင်း၊ အပင်အထွက်မညီလျှင် တင်း ၂၀ သာထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ်ကုလားပဲ တစ်တင်းလျှင် အမြင့်ဆုံးဈေးနှုန်း ကျပ် ၆၀,၀၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင် ကုလားပဲတစ်တင်းလျှင် ဖေဖော်ဝါရီလ တတိယပတ်တွင် ကျပ် ၉၅,၀၀၀ ဖြင့် လည်းကောင်း၊ မတ်လ ပထမပတ်တွင် ကျပ် ၈၀,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ကုလားပဲများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချကြကြောင်း၊ ယခုနှစ်တွင် ကုလားပဲဈေးနှုန်း ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: DOCA(မကွေး)

Source: https://commerce.gov.mm

Category: Local News