Local News

ကျောက်ဆည်ခရိုင်တွင် ဖူးစားပြောင်းများရိတ်သိမ်း

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း တောင်သူများ ဝင်ငွေတိုးပွားစေရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၌ ၂၀၃၃ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၃၇၄ ဧက၊ မြစ်သားမြို့နယ်၌ ၂၈၄၆ ဧက၊ စုစုပေါင်း ၅၂၅၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စဉ့်ကိုင်မြို့နယ်၌ ၃၇၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် သကြားပြောင်းနှင့် ထောပတ်ပြောင်းများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၂၆၀,၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူး ၄၀၀၀ ဖူးခန့်ထွက်ရှိပြီး သကြားပြောင်းဖူးသည် လူကြိုက်များသောကြောင့် အရောင်းသွက်ပြီး စျေးကောင်းရကြောင်း၊ ဈေးနှုန်း အနေဖြင့် ပြောင်းဖူးအရွယ်အစားအပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိ၍ ယခင်နှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်စျေး (လက်ကားဈေး) အနေဖြင့် အခင်းသို့လာရောက်ဝယ်ယူမှုများရှိရာ ပြောင်းဖူးတစ်ဖူးလျှင် ၁၅၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး လက်လီဈေးနှုန်းအနေဖြင့် သကြားပြောင်းဖူး အရွယ်အစားပေါ်မူတည်၍ ၄ ဖူးလျှင် ၁၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၃ ဖူးလျှင် ၁၀၀၀ ကျပ်ဖြင့်လည်း ကောင်းရောင်းချရကြောင်း၊ ယခုနှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်စျေး (လက်ကားဈေး) အနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် ၂၅၀-၃၀၀ ကျပ်ဖြင့် ရောင်းချရပြီး ပြောင်းဖူးပြုတ် တစ်ဖူးလျှင် ၇၀၀-၈၀၀ ကျပ်အထိ ရောင်းချရသည့်အတွက် ယခင်နှစ်ထက် ပြောင်းဖူးစျေးနှုန်း ပိုမိုကောင်းမွန်သဖြင့် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News