Local News

မြန်မာမတ်ပဲ အိန္ဒိယဈေးကွက်အခြေအနေ

Last Updated:

မေလ ပထမသီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများ ကျဆင်းလာခဲ့ပြီးနောက် ဒုတိယသီတင်းပတ်မှစတင်၍ ဈေးအနည်းငယ် ပြန်တက်လာကြောင်း တွေ့ရ ပါသည်။ မေလ ၈ ရက်နေ့ဈေးနှုန်းမှာ အနိမ့်ဆုံးဖြစ်ပြီး မတ်ပဲ ၁ တင်းဈေးနှုန်း ကျပ် ၉၉၈၀၀ မှ မေလ ၉ ရက်နေ့တွင် ကျပ် ၁၀၀၆၀၀၊ ၁၀ ရက်နေ့တွင် ကျပ်  ၁၀၁၅၀၀၊ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျပ် ၁၀၀၈၀၀ အသီးသီးဖြစ်ကြောင်းသိရှိရသည်။

ယခင်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံတွင် မတ်ပဲကုန်လှောင်ရုံလက်ကျန်နည်းပါးခြင်းကြောင့် ဈေးအနည်းငယ်တက်လာသော်လည်း ရာသီဥတုအပူချိန်မြင့်မားခြင်းကြောင့် စားသုံးမှု လျော့နည်းလျက်ရှိကြောင်းနှင့် လာမည့် ၂ ပတ်အတွင်းပြည်တွင်း မတ်ပဲများ ဈေးကွက်သို့အဝင် များပြားနိုင်ကြောင်း IPGA ကဖော်ပြထားပါသည်။ မြန်မာမတ်ပဲ exporter များအနေဖြင့် ကွန်တိန်နာဈေးနှုန်း ကြီးမြင့်မှုကြောင့် မတ်ပဲ တင်ပို့မှု နည်းပါးလျက်ရှိပြီး မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၃ သိန်းမှ ၃သိန်းခွဲ ရှိမည်ဟု အိန္ဒိယနိုင်ငံဖက်က ခန့်မှန်းထားကြောင်းသိရသည်။

ဈေးကွက်အတွင်း နွေသီးနှံမတ်ပဲအဝင်များပြားလာနိုင်ခြင်းနှင့် စားသုံးမှုကျဆင်းခြင်း၊ ပဲခွဲစက်များကလည်း မတ်ပဲကို သိုလှောင်ရုံလက်ကျန်မထားပဲ တိုက်ရိုက်ကြိတ်ခွဲရောင်းချခြင်းတို့​သည် ပြည်တွင်းမတ်ပဲဈေးနှုန်းအပေါ်သက်ရောက်လာနိုင်ကြောင်း၊ ပြည်တွင်းမတ်ပဲအဝင် များ လာသော်လည်း ပဲခွဲစက်များကမူ ဈေးသက်သာသော ပြည်ပမှတင်သွင်းသည့်မတ်ပဲကို ပိုမိုဝယ်ယူ လာနိုင်ကြောင်း IPGA ကသုံးသပ်ထားပါသည်။

အိန္ဒိယနိုင်ငံသည် မတ်ပဲအများဆုံးဝယ်ယူတင်သွင်းပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မတ်ပဲ တန်ချိန် ၅.၂၄ သိန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆.၂၃ သိန်း ဝယ်ယူတင်သွင်းခဲ့သည်။ အာဂျင်တီးနားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ကလည်း မတ်ပဲစိုက်ပျိုးထုတ်လုပ်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိရာ ဘရာဇီးနိုင်ငံသည် ယခင်နှစ်က မတ်ပဲတန်ချိန် ၅၀၀၀ အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ ပြီး ယခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း တန်ချိန် ၅၀၀၀၀ တင်ပို့ရန်မျှော်လင့်ထားသည်။

နိုင်ငံချင်းထိစပ်နေသည့် အားသာချက်ကြောင့် မြန်မာမတ်ပဲဝယ်ယူတင်သွင်းမှုက အိန္ဒိယနိုင်ငံအတွက် ပိုမိုအဆင်ပြေသော်လည်း ဘရာဇီးနိုင်ငံ၏ မတ်ပဲတင်ပို့မှုသည် မြန်မာမတ်ပဲ ဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲကာလပြီးနောက် မတ်ပဲဝယ်လိုအားနှင့် မတ်ပဲခွဲခြမ်း ရောင်းဝယ်မှု ပြန်အားကောင်းလာနိုင်ကြောင်းနှင့် မြန်မာမတ်ပဲတင်ပို့မှုနှင့် ဈေးနှုန်းသည် အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးနှုန်းအပေါ် လွှမ်းမိုးမှုရှိနိုင်ကြောင်း IPGA က သုံးသပ်ထားပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News