ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးရံ့ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးရံ့များအပါအဝင် ဒေသရေထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် မတ်လအတွင်းက ငါးရံ့ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးရံ့ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဧပြီလထဲမှာ ငါးရံ့တွေကို ရန်ကုန်ဈေးကွက်ထဲကို သိသိသာသာ တင်ပို့မှုကောင်းခဲ့ပါတယ်။ ငါးရံ့တွေ တင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ရန်ကုန်မြို့က မှာယူမှုများနေတာကြောင့် ဖြစ်ပါတယ်။ ဒေသထွက် ငါးရံ့တွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့တာပါ။ အခုလို ဝယ်ယူမှုကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ရေလုပ်သားတွေနဲ့ သဘာဝအတိုင်းငါးရံ့ရှာဖွေဖမ်းဆီးသူတွေ အဆင်ပြေနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်တစ်လအတွင်း တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀၊ ငါးရံ့အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၂၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ