ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျိုက်လတ်မြို့နယ် ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် မေလပထမပတ်မှ (၁၃-၅-၂၀၂၅) ထိ ဒေသထွက် ငါးမြွေထိုးခြောက်များ ဝယ်ယူမှုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင်ထွက်ရှိသည့် ဒေသထွက်ငါးမြွေထိုးခြောက်များကို ဒေသတွင်း ဈေးကွက်အပြင် ပုသိမ်၊ ရန်ကုန်စသည့်မြို့များမှ ဝယ်ယူမှုများပြားနေကြောင်း သိရသည်။ “အခုလ ပထမပတ်လောက်ကတည်းက အရောင်းအဝယ်ကောင်းခဲ့တာပါ။ ရန်ကုန်ဈေးကွက်က ငါးမြွေထိုးခြောက်တွေကိုမှာယူမှု အားကောင်းနေပါတယ်။ ငါးမြွေထိုးခြောက် လုပ်ငန်းက ဒေသခံတွေရဲ့ ဒေသစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အခုလို ငါးမြွေထိုးခြောက်တွေ မှာကုန်များလာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်းနယ်ပယ် အသီးသီးကသူတွေလဲ အဆင်ပြေလာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် ငါးခြောက်ရောင်းဝယ်ရေးပိုင်ရှင်များသည် ဒေသထွက်ငါးမြွေထိုးစိမ်းများကို ဝယ်ယူပြီး အချို၊ အငန်စပ်ကာ စနစ်တကျအခြောက်လှန်း၍ စားသုံးရန်အဆင့်ထိ ပြုလုပ်ပြီး ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငါးမြွေထိုးခြောက်အမျိုးအစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀ မှ ၂၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ