Local News

ပဲစင်းငုံဈေးဆက်တက်နေ

Last Updated:

ယခင်သီတင်းပတ်အတွင်း ပဲစင်းငုံ ၁ တန်ဈေးနှုန်း ကျပ် ၄၄ သိန်းကျော်ရှိခဲ့ရာမှ ယခု သီတင်းပတ်အတွင်း ကျပ် ၄၆ သိန်းကျော်အထိ ဈေးမြင့်တက်လာကြောင်းသိရှိရသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ပဲစင်းငုံ ဈေးနှုန်းများမှာ မေလ ၅ ရက်နေ့တွင် ပဲစင်းငုံ ၁ တန် ဈေးနှုန်းကျပ် ၄၄၄၀၀၀၀၊ ၆ ရက်နေ့တွင် ကျပ် ၄၄၄၅၀၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၄၇၅၀၀၀၊ ၈ ရက်နေ့တွင် ကျပ် ၄၅၁၀၀၀၀၊ ၁၀ ရက်နေ့ တွင် ကျပ် ၄၆၁၀၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၄၆၂၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ယခင်နှစ်ကထက် ပဲစင်းငုံအထွက်နှုန်း တိုးလာသော်လည်း သိသာသောပြောင်းလဲမှုမဟုတ်ဘဲ ပြည်တွင်းပဲစင်းငုံဈေး တက်လာသော ကြောင့် စားသုံးသူများ၏ဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း၊ ပဲခွဲစက်များကလည်း ကြိတ်ခွဲမှု လျှော့ချနေရကြောင်း သိရှိရသည်။ ပဲစင်းငုံခွဲခြမ်း ဝယ်လိုအားပေါ်မူတည်၍ ပဲခွဲစက်များက ဝယ်ယူကြိတ်ခွဲခြင်းသာရှိပြီး ကုန်သည်အသိုင်းအဝိုင်းကလည်း အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကာလအပြီး ရလဒ်အပေါ်တွင်သာ အာရုံစိုက်လျက်ရှိကြောင်း IPGA ကဆိုသည်။

လာမည့်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစင်းငုံဈေးနှုန်း တက်လိုက်/ကျ လိုက်ဖြစ်နေမည်ဟု ခန့်မှန်းပြီး၊ ပြည်တွင်းပဲစင်းငုံစိုက်ဧက အခြေအနေနှင့် အာဖရိကမှ ပဲစင်းငုံ တင်သွင်းမှုကို စောင့်ကြည့်ရန်လိုကြောင်း ဈေးကွက်စောင့်ကြည့်သူများကဆိုသည်။ ပြည်ပမှ ပဲစင်းငုံတင်သွင်းမှုကိုလျှော့ချရန် စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်းအတွက် စိုက်ပျိုး ရေးဦးစီးဌာနက အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး၊ အိန္ဒိယအစိုးရသစ်ကလည်း ပဲမျိုးစုံ တင်သွင်းမှုနှင့် စားသုံးဆီတင်သွင်းမှုကိုလျှော့ချရန် စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း သိရှိရသည်။ လက်ရှိပဲဈေးကွက်တွင် ပဲကိုသာလက်ဝယ်ထားရှိပြီး အခြေအနေစောင့်ကြည့်လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှု ကျဆင်းလျက်ရှိကြောင်း ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်များထံမှ သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News