International News

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ တရုတ်လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းက အခြားကမ္ဘာ့နိုင်ငံများအပေါ် အကျိုးသက်ရောက်မှု

Last Updated:

အမေရိကန်နိုင်ငံက တရုတ်လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်စည်းကြပ်ခြင်းသည် အားနည်းချက်များရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးရှိမည့်လမ်းကြောင်းလည်းရှိကြောင်း ဩစတြေးလျ အခြေစိုက် Lowy Institute မှ ပြောကြားခဲ့မှုကို Channel news asia သတင်းတွင် ဖော်ပြထားပါသည်။

အခွန်တိုးမြှင့်ကောက်ခံရခြင်းရည်ရွယ်ချက်

အမေရိကန်နိုင်ငံက တရုတ်လျှပ်စစ်ကားများကို အခွန် ၄ ဆ (၁၀၀ %) နှင့် လစ်သီယမ်ဘက်ထရီများ၊ ဆိုလာပြားများနှင့် အရေးကြီးသတ္တုပစ္စည်းအချို့အပါအဝင် အခြားတရုတ်ထုတ်ကုန်ပစ္စည်းများကို အခွန် ၂၅ % မှ ၅၀ % ထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်လျှပ်စစ်ကားကို  တင်သွင်းထားခြင်းမရှိသော်လည်း လစ်သီယမ်ဘက်ထရီ အများအပြားတင်သွင်းခဲ့ပါသည်။ ယခုကဲ့သို့ အခွန်စည်းကြပ်ခြင်းက ၎င်း၏ သန့်ရှင်းသောစွမ်းအင်သုံး ကုန်ထုတ်လုပ်ငန်းများအား ၂ ဆတိုးဆောင်ရွက်ရန် အားပေးခြင်းနှင့်ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးခြင်းဖြင့် အလွန်အကျွံကာကွယ်ပေးထားကြောင်း ပြယုဂ်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်လုပ်ဆောင်မှုများက အခြားကမ္ဘာ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ မှီခိုအားထားနေရသည့် ပွင့်လင်းမြင်သာမှုရှိသော ကမ္ဘာ့ကုန်သွယ်မှုစနစ်ကို အဟန့်အတား ဖြစ်စေပါသည်။ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် ဈေးနှုန်းသက်သာသော တရုတ် သွင်းကုန်များကို အခွန်ကောက်ရန် မေ့လျော့နေခြင်းက ဝင်ငွေနည်းသောနိုင်ငံများကို အများဆုံးထိခိုက်မည့်  ရာသီဥတုပြောင်းလဲမှုများအပေါ် ဆောင်ရွက်မှုများအား နှောင့်နှေးစေပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံအများစုက နှစ်ပေါင်းများစွာကတည်းက လက်ခံထားကြသော ဖွံ့ဖြိုးတိုးတက်မှုအတွက် သန့်ရှင်းသော စွမ်းအင်သုံးကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတိုးမြှင့်ရန် မဟာဗျူဟာများကို မျှော်လင့်လျက်ရှိပါသည်။ အဆိုပါမျှော်လင့်ချက်များကို အမေရိကန်၏ ပြည်တွင်းစက်မှုလုပ်ငန်း တည်ထောင်ရန်နှင့် တရုတ်နိုင်ငံ၏ ဈေးပေါသော သွင်းကုန်များအား အမေရိကန်သို့ ဝင်ရောက်ခွင့်မပြုခြင်းက ဟန့်တားလျက်ရှိပါသည်။ အမေရိကန်နည်းတူ ဥရောပနိုင်ငံများကလည်း မကြာမီ ကန့်သတ်လာနိုင်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားပါသည်။

အဆိုးထဲမှ အကောင်းများ

သမ္မတဂျိုးဘိုင်ဒင်၏ အခွန်စည်းကြပ်မှုကိုထောက်ခံသူများက အမေရိကန်၏ သန့်ရှင်းသောစွမ်းအင်သို့ အသွင်ကူးပြောင်းမှုတွင် လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် တရုတ်သွင်းကုန်များကို မှီခိုမည်မဟုတ်ကြောင်း၊ အကယ်၍ တရုတ်နိုင်ငံကို မှီခိုရမည်ဆိုပါကလည်း အမေရိကန်သည် ရာသီဥတုဆိုင်ရာကိစ္စများကို ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် အမေရိကန်၏ သန့်စင်သော စွမ်းအင်သုံးကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ကာကွယ်လိုခြင်းသည် အထူးသဖြင့် တရုတ်နိုင်ငံကို ဦးတည်ခြင်းဖြစ်ပြီး၊ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်သည် အခွန်ကောက်ခံရခြင်းမရှိသော အခြားကမ္ဘာ့နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မက်ဆီကိုတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပြောင်းရွှေ့သွားနိုင်ကြောင်း၊ ယင်းသို့ကုန်သွယ်မှု အပြောင်းအလဲသည် တရုတ်သွင်းကုန်အများဆုံးအသုံးပြုသည့် တရုတ်ရင်းနှီး မြှုပ်နှံမှုများကြောင့်ဖြစ်ကြောင်းဆိုသည်။

ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်မှကြည့်ပါက နိုင်ငံများသည် ပြည်တွင်းထုတ်လုပ်မှု တိုးမြင့်ရန် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကောင်းမွန်သော်လည်း အမေရိကန်၏ ပစ်မှတ်သည် တရုတ်နိုင်ငံကို ကျော်လွန်ပြီး ပထဝီဝင်အနေအထားအရ တတိယနိုင်ငံများရှိ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကိုပါ ရည်မှန်းခြင်း ရှိ/မရှိမှာ အရေးပါသော အချက်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံရေးသမားအချို့က ထိုသို့လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးအမြတ်

အမေရိကန်နိုင်ငံအနေဖြင့် သန့်ရှင်းသော စွမ်းအင်သုံး ကုန်ထုတ်လုပ်ငန်းများအား ကာကွယ်ပေးရေးကို အရှိန်မြှင့် လုပ်ဆောင်လာပါက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးရှိစေမည့် အရေး ကြီးသော နည်းလမ်းများရှိပါသည်။

အကယ်၍ အမေရိကန်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းပညာတွင် အောင်မြင်ပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်သွယ်မှုလိုငွေပြကာ ကျန်ကမ္ဘာ့နိုင်ငံများမှ သွင်းကုန်များလည်း ပိုမိုလိုအပ်လာမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံက အခြားဈေးကွက်များမှ ဈေးနှုန်းသက်သာသော သန့်ရှင်းသော စွမ်းအင်သုံးသွင်းကုန်များအား တားမြစ်မည်ဆိုပါကလည်း ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်များတွင် ဖြစ်ပွား ခဲ့သော “စက်မှုလုပ်ငန်းများ အချိန်မတန်မီ ပျက်စီးခြင်း” ဖြစ်စဉ်ကို  ကြုံတွေ့ရမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ တရုတ်အနေဖြင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်ခြင်းကိုဆောင်ရွက်ပြီး ထုတ်လုပ်မှုဖြစ်စဉ်၌ နည်းပညာနှင့် အသိပညာများလွှဲပြောင်းပေးသည့် မူဝါဒများ ချမှတ်သင့်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ အခွန်စည်းကြပ်မှုများကို ရှောင်ရှားနိုင်ရေး တရုတ်ကုမ္ပဏီများကို သင့်လျော်သော မက်လုံးပေးဆွဲဆောင်မှုများ ပြုလုပ်သင့်ကြောင်း ဖော်ပြထားပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကာဗွန်လျှော့ချရေး နည်းလမ်းများသို့ ကူးပြောင်းရသည့် အခက်အခဲများအပြင် အခြေခံစွမ်းအင် လိုအပ်ချက်များ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များစသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွာဟချက်များ ကြီးမားသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်သွင်းကုန်များကို အသုံးပြုကာ သန့်ရှင်းသော စွမ်းအင်သုံးစနစ် ထူထောင်ထားရန် လိုအပ်ကြောင်း Channel news asiaသတင်းဌာနက ဖော်ပြထားပါသည်။

Source: https://www.channelnewsasia.com/commentary/us-biden-china-tariff-ev-global-development-clean-energy-4366121

Source: WTO ဌာနခွဲ၊ ကုန်သွယ်ရေးဦးစီးဌာန

Source: https://commerce.gov.mm

Category: International News